ONE CHAMPIONSHIP သမိုင်းတစ်လျှောက် အကောင်းဆုံး ချုပ်ကွက်ဖြင့် ပွဲသိမ်းခဲ့သော ပြိုင်ပွဲ ၁ဝ ပွဲ

ONE CHAMPIONSHIP သမိုင်းတစ်လျှောက် အကောင်းဆုံး ချုပ်ကွက်ဖြင့် ပွဲသိမ်းခဲ့သော ပြိုင်ပွဲ ၁ဝ ပွဲ

ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကြီးကျယ်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲအဖြစ် လူသိများထင်ရှားလာသော ONE CHAMPIONSHIP သမိုင်းတွင် မယုံကြည်နိုင်စရာကောင်းလောက်သည့် အကောင်းဆုံး ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သောပြိုင်ပွဲ အများအပြား ရှိခဲ့သည်။ ဘရာဇီးလ်ဂျူဂျစ်ဆု၊ ဂျူဒို၊ နပန်း၊ မွေထိုင်း၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ကရာတေး စသည့် သိုင်းပေါင်းစုံကိုယ်ခံပညာရှင်များ ပါဝင်ယှဉ်ပြိုင်နေသည့် ONE CHAMPIONSHIP တွင် ပြိုင်ဘက်ဖြစ်သူကို မိမိကျွမ်းကျင်ပိုင်နိုင်သော ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သော သူရဲကောင်းများစွာရှိခဲ့သည်။ ထိုအထဲကမှ သမိုင်းတစ်လျှောက် အကောင်းဆုံးချုပ်ကွက် အလဲထိုးပြိုင်ပွဲ ၁ဝ ပွဲအကြောင်း ဖော်ပြပေးလိုက်ပါသည်။

၁။ Shinya Aoki Vs Eduard Folayang

ဂျပန်နိုင်ငံသား Shinya Aoki ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဘဝတစ်လျှောက် အလဲထိုးချုပ်ကွက်ဖြင့် အနိုင်ရခဲ့သော အကောင်းဆုံးပြိုင်ပွဲတစ်ပွဲ ဖြစ်သည်။ Tobikan Judan ဟု အမည်ပြောင်ပေးခံထားသည့် Shinya Aoki အတွက် မွေးရပ်မြေ ဂျပန်နိုင်ငံတွင် ပထမဆုံးထိုးသတ်ခွင့် ရသောပြိုင်ပွဲလည်းဖြစ်ပြီး ONE Championship ၏ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း ရယူနိုင်ခဲ့သည်။

Shinya Aoki သည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က စင်ကာပူနိုင်ငံ၊ Kallang တွင်ကျင်းပခဲ့သော ONE: Defending Honor တွင် ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် Eduard Folayang ကို တတိယအချီ ပွဲအစပိုင်းမှာပင် ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဆိုး ကို ပြန်လည်ချေဖျက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဒုတိယအကြိမ်အဖြစ် ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်က တိုကျိုတွင်ပြုလုပ်ခဲ့သော ONE: A NEW ERA ပြိုင်ပွဲ၌ Eduard Folayang ကို ပထမအချီ စတင်ကတည်းက ဖိအားပေးနိုင်ခဲ့သည်။ နှစ်ဦးစလုံးမှာ ခြေကန်ချက်များဖြင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် Shinya Aoki ကသာ အသာစီးရခဲ့သည်။

ပွဲချိန် ၂ မိနစ်အကျော်တွင်တော့ Shinya Aoki က Eduard Folayang ကို ကြမ်းပြင်ပေါ် လှဲချကာ လည်ပင်းကို ဘယ်လက်ဖြင့်ချုပ်နိုင်ခဲ့ ပြီးနောက် Eduarad Folayang ရုန်းမထွက်နိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။

၂။ Ariel Sexton Vs Kota Shimioshi

Tarzan ဟု ကြိုးဝုုိင်းနာမည် ရထားသည့် ကော်စတာရီကာ နိုင်ငံ့ဂုဏ်ဆောင် Ariel Sexton သည် နပန်းသမားကောင်းတစ်ဦးပီပီ ပြိုင်ဘက်ဖြစ်သူ လဲကျသွားအောင် မည်သို့စွမ်းဆောင်ရမည်ဆိုသည်ကို ဖန်တီးနိုင်စွမ်းရှိသည်။ BJJ ခါးပတ်နက်ချန်ပီယံ Ariel Sexton သည် ဒုတိယ အချီပြီးခါနီးတွင် ကြိုးဝိုင်းကြမ်းပြင်ပေါ် အရင်လဲကျသွားခဲ့သေးသော်လည်း ပြန်ထနိုင်ကာ Kota Shimioshi ကို ကြမ်းပြင်ပေါ်လဲကျသွား အောင် စွမ်းဆောင်နိုင်ခဲ့သေးသော်လည်း အချိန်စေ့သွားခြင်းကြောင့်သာ စောစောစီးစီး အနိုင်မရခဲ့ခြင်းဖြစ်သည်။

တတိယအချီတွင်မူ Kota Shimioshi သည် သက်လုံကျသွားခဲ့ပြီး Ariel Sexton က လည်ပင်းကို ချုပ်ထားနိုင်သလို ဘယ်လက်ကိုလည်း လိမ်ချိုးခဲ့ရာ ဂျပန်နိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရှင်မှာ မည်သို့မှ တောင့်မခံနိုင်တော့ဘဲ လက်ပုတ်ကာ အရှုံးပေးခဲ့ရသည်။

၃။ Joshua Pacio Vs Pongsiri Mitsatit

The Passion ဟု အမည်ရသည့် ဖိလစ်ပိုင် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Joshua Pacio သည် ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က မနီလာမြို့တွင်ကျင်းပသော ONE: Reign of Kings ပြိုင်ပွဲ၌ Mall of Asia Arena ပြိုင်ပွဲရုံအတွင်းမှ ပရိသတ်များအားလုံး အံ့အားသင့်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ချုပ်ကွက်ပိုင်နိုင်သော Joshua Pacio သည် ပွဲအစ ၁ မိနစ်မပြည့်မီမှာပင် ထိုင်း သိုင်းပါင်းစုံကိုယ်ခံပညာရှင် Pongsiri Mitsatit ကို ကြိုးဝိုင်းကြမ်းပြင်ပေါ်လဲကျစေကာ အပေါ်စီးမှနေကာ ဦးခေါင်းကို ဘယ်ညာလက်သီးတွဲလုံးများဖြင့် တရစပ်ထိုးနှက်ခဲ့သလို တံတောင်ရိုက်ချက်များဖြင့်လည်း တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် Pongsiri Mitsatit က ပြန်ထနိုင်ခဲ့သလို Joshua Pacio ကို ကြမ်းပြင် ပေါ်ပြန်လဲကျစေကာ အပေါ်စီးမှ ထိုးသတ်ခွင့်ရခဲ့သေးသည်။

သို့သော် အိမ်ရှင်ဖိလစ်ပိုင်ပရိသတ်များ၏ တခဲနက် အော်ဟစ်အားပေးခြင်းခံနေရသော Joshua Pacio က Pongsiri Mitsatit ၏ ဘယ် ဘက်လက်ကို အခိုင်အမာချုပ်ကာ လိမ်ချိုးခဲ့ရာ တောင့်မခံနိုင်တော့သည့်အဆုံး အရှုံးပေးခဲ့ရသည်။ ပထမအချီ ၃ မိနစ်၊ ၃၇ စက္ကန့်မှာ ပင် ပွဲသိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၄။ Demitrious Johnson Vs Yuya Wakamatsu

ကမ္ဘာ့အကောင်းဆုံး သိုင်းပေါင်းစုံ ကိုယ်ခံပညာရှင် တစ်ယောက်ဖြစ်သည့် အမေရိကန်ဂုဏ်ဆောင် Demitrious Johnson သည် ONE Championship အဖွင့်ပွဲမှာပင် ဂျပန် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Yuya Wakamatsu ကို လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်းဖြစ်သူ Mighty Mouse ဟု အမည်ရသူ Demitrious Johnson သည် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုတွင်ပြုလုပ်သော A New Era ပြိုင်ပွဲ၌ ပထမအချီအစ ၁ မိနစ်အကျော်မှာပင် ကြမ်းပြင်ပေါ် လဲကျမလို ဖြစ်ခဲ့သေးသော်လည်း ပြန်ထနိုင်ခဲ့သလို ၄ မိနစ်ကျော်တွင် အိမ်ရှင်နိုင်ငံသား Yuya Wakamatsu ကို ကြိုးဝိုင်းကြမ်းပြင်ပေါ်လဲကျစေကာ အပေါ်စီးမှထိုးသတ် ခွင့်ရခဲ့သေးသည်။

ဒုတိယအချီတွင် Yuya Wakamatsu က တိုက်စစ်ဖွင့်ကာ အသာစီးမှ ထိုးသတ်ခွင့်ရသော်လည်း သမ႓ာ္ဘရင့် Demitrious Johnson က လဲကျမခံဘဲ ၂ မိနစ်ကျော်ကျော်တွင် လည်ပင်းချုပ်ကွက်ရရှိကာ တံတောင်များဖြင့်လည်း ထိုးသတ်နိုင်ခဲ့သည်။ သို့သော် Yuya  Wakamatsu မှာ အတင်းရုန်းကာ ပြန်ထနိုင်ရန်ကြိုးစားခဲ့သေးသော်လည်း လည်ပင်းချုပ်ကွက်မှ ရုန်းထွက်နိုင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိတော့သောကြောင့် အရှုံးပေးခဲ့ရသည်။

၅။ Yusup Saadulaev Vs Jordan Lucas

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်ကကျင်းပခဲ့သည့် ONE: State of Warriors ပြိုင်ပွဲ၌ မြေပြင်ကစားကွက် ကျွမ်းကျင်ပိုင်နိုင်သော ရုရှားနိုင်ငံ့ဂုဏ်ဆောင် Yusup Saadulaev က ၎င်းထက် ၁၂ နှစ်ငယ်သော သြစတြေးလျ သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Jordan Lucas ကို အတွေ့အကြုံဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Jordan Lucas မှာ ပွဲအစကတည်းက တိုက်စစ်ဖွင့်ခဲ့သလို ၂ မိနစ်တွင် ဘယ်လက်သီးကြောင့် လဲကျမလိုဖြစ်ခဲ့သေးသော်လည်း လဲပြိုမသွားအောင် ကြိုးစားနိုင်ခဲ့သည်။

ပထမအချီ ၄ မိနစ်၊ ၂၇ စက္ကန့်တွင်တော့ Yusup Saadulaev ၏ ဘယ်ညာလက်သီးတွဲလုံးကြောင့် Jordan Lucas မှာ ကြိုးဝိုင်းကြမ်း ပြင်ပေါ် လဲကျသွားခဲ့ပြီး ဘယ်လက်ဖြင့် လည်ပင်းကိုချုပ်ကာ ညာလက်သီးများဖြင့် တရစပ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် အနောက် ဖက်မှနေကာ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ပြီးနောက်ပိုင်း Jordan Lucas မှာ ဘယ်လိုမှရုန်းထွက်နိုင်ခြင်းမရှိ တော့ဘဲ ကြမ်းပြင်ကိုလက်ဖြင့်ပုတ်ကာ အရှုံးပေးခဲ့ရသည်။

၆။ Garry Tonon Vs Yoshiki Nakahara

ဘရာဇီးလ်ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဆုကို အကြိမ်များစွာရရှိထားသော အမေရိကန် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Garry Tonon သည် ၂ဝ၁၉ ခုနှစ်၊ မေလ ၁၇ ရက်က စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သော ONE: Enter the Dragon ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်း ဆုံး နပန်းသမားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သည်။

ပွဲအစပိုင်းတွင် ဂျပန်နိုင်ငံ့ဂုဏ်ဆောင် Yoshiki Nakahara က ဘယ်ညာလက်သီးတွဲလုံးများဖြင့် တိုက်ခိုက်ခဲ့သေးသော်လည်း Garry Tonon က တည်ငြိမ်မှုရှိရှိဖြင့်ရင်ဆိုင်ကာ အမှတ်မထင် Yoshiki Nakahara ၏ ညာဘက်ခြေထောက်ကို သိုင်းချုပ်ကာ ကြမ်းပြင်ပေါ် လှဲချခဲ့သည်။

Yoshiki Nakahara က ရုန်းထွက်နိုင်ရန်ကြိုးစားခဲ့သေးသော်လည်း ဖနောင့်ကို လက်နှစ်ဖက်ဖြင့်ညှစ်ထားသလို ခြေထောက်ကိုလိမ်ချိုး ရန်ကြိုးစားခဲ့သော Garry Tonon ၏ နည်းဗျူဟာကို မကျော်လွှားနိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။ ထိုပွဲ၏ ကြာမြင့်ချိန်က ပထမအချီ ၅၅ စက္ကန့်သာရှိသေးသည်။

၇။ Christian Lee Vs Kazunori Yokota

ONE Championship အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Angela Lee ၏ မောင်ငယ်ဖြစ်သူ Christian Lee သည် ၂ဝ၁၈ ခုနှစ်၊ မတ်လ ၉ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင်ကျင်းပခဲ့သော ONE: Vision of Victory ပြိုင်ပွဲတွင် နပန်း ချုပ်ကွက်များဖြင့် ဂျပန် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Kazunori Yokota ကို အနိုင်ရယူခဲ့သည်။

ပွဲစသည်နှင့် Kazunori Yokota က ညာခြေအမြင့်ကန်ချက်ဖြင့် Christian Lee ကို စတင်တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အ သက်ငယ်ရွယ်သော စင်ကာပူနိုင်ငံ့ဂုဏ်ဆောင် The Warrior က အသာစီးရလာခဲ့ပြီး ပထမအချီပြီးဆုံးခါနီး အပေါ်စီးမှ ထိုးသတ်ခွင့်ရခဲ့ သော်လည်း အချီစေ့သွား၍သာ Kazunori Yokata သက်သာရာရခဲ့ခြင်းဖြစ်သည်။

ဒုတိယအချီပြီးခါနီးတွင် Kazunori Yokota ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး Christian Lee က အပေါ်ဘက်မှ လက်သီးတွဲလုံးများ ဖြင့်် တရစပ်တိုက်ခိုက်ခဲ့သလို လည်ပင်းချုပ်ကွက်ကိုပါ အသုံးချခဲ့ရာ ဂျပန် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် ပြန်မထနိုင်တော့ဘဲ အရှုံးပေးခဲ့ ရသည်။

၈။ Angela Lee Vs Natalie Hills

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စင်ကာပူတွင်ကျင်းပခဲ့သော ONE: Pride of Lions ပြိုင်ပွဲ၌ Angela Lee မှာ ပြိုင်ဘက် ဖိလစ်ပိုင် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Natalie Hills ကို ပထမမအချီ ၂ မိနစ်၊၂၄ စက္ကန့်မှာပင် အနောက်ဖက်မှ သိုင်းချုပ်ကွက် ဖြင့် အနိုင်ရခဲ့သည်။

ထိုစဉ်က Unstoppable ဟု ကြိုးဝိုင်းနာမည်ရထားသော စင်ကာပူနိုင်ငံ့ဂုဏ်ဆောင် Angela Lee မှာ ONE Championship အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခြင်းမရှိသေးဘဲ ပွဲအစတွင် ကြမ်းပြင်ပေါ်လဲကျကာ Natalie Hills ၏ အပေါ်စီးမှတိုက်ခိုက်မှုများကို ရင် ဆိုင်ခဲ့ရသေးသည်။ ထိုနောက်တွင်မူ Angela Lee က လက်ရည်အသာစီးပြန်ရကာ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး ၂ မိနစ်၊ ၂၄ စက္ကန့်တွင် တော့ အနောက်ဖက်မှနေ၍ လည်ပင်းကို လက်နှစ်ဖက်ဖြင့် အမိအရချုပ်ခွင့်ရခဲ့ပြီးနောက် Natalie Hills မှာ ရုန်းထွက်နိုင်ရန် အင်အား မရှိတော့ဘဲ အရှုံးပေးခဲ့ရသည်။

၉။ Alex Silva Vs Hayato Suzuki

၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်ခဲ့သော ONE: Legends of the World ပြိုင်ပွဲ၌ ဘရာဇီးလ်ဂျူဂျစ်ဆုခါးပတ်နက်အဆင့် Alex Silva မှာ ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရှင် Hayato Suzuki ကို လည်ပင်းနှင့်လက် ကို မလှုပ်နိုင်အောင်ချုပ်ကာ ထိုက်ထိုက်တန်တန် နိုင်ပွဲရယူခဲ့သည်။

ပွဲအစပိုင်းတွင် ဘရာဇီးလ် သိုင်းပေါင်းစုံကိုယ်ခံပညာရှင် Alex Silva မှာ ကြမ်းပြင်ပေါ်လဲကျခဲ့သေးသော်လည်း အပေါ်စီးမှ ထိုးနှက်နေ သည့် Hayato Suzuki ကို ခြေထောက်နှစ်ဖက်ဖြင့် တွန်းကန်ဖယ်ရှားကာ အောက်သို့ ကျရောက်သွားစေခဲ့သည်။ ထိုနောက်တွင် Alex Silva က လည်ပင်းကို ခြေထောက်ဖြင့်ချုပ်ကာ ညာဘက်လက်ကိုလည်း မလှုပ်နိုင်အောင် လက်နှစ်ဖက်ဖြင့် ချုပ်ကိုင်ထားရာ Hayato Suzuki မခံနိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။

၁ဝ။ Marat Gafurov Vs Narantungalag Jadambaa II

ပြိုင်ဘက်များအား နောက်ကျောဘက်မှ လည်ပင်းအားချုပ်၍ ပွဲသိမ်းသည့် နည်းဖြင့် ၆ကြိမ်ဆက်တိုက် အနိုင်ယူခဲ့သူ Marat Gafurov သည် မာကျောလှသည့် ကမ္ဘာ့ချန်ပီယံဟောင်း Narantungalag Jadambaaကို ပထမအချီမှာပင် အလားတူနည်းလမ်းဖြင့် ဒိုင်ပွဲ ရပ် အနိုင်ယူကာ ၎င်း၏ ONE ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly