မြိတ်၊ ဇူလိုင် (၁) ။ ။ မြိတ်မြို့ရှိ လူစည်းကားရာ နေရာများ၌ ချထားသည့် Food Box တစ်ခုသည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရိုက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း သိရ သည်။
မြိတ်မြို့တွင် Food Box ၃ လုံးကို ဇွန်လ ၂၇ ရက်နေ့မှ စတင်ချထားခဲ့ခြင်း ဖြစ်ပြီး၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ပြည်သူ့ဆေးရုံကြီး အရှေ့ရှိ Food Box 2 ကို လူငယ်တစ်စုက ဆိုင်ကယ် ၃ စီးဖြင့် လာရောက် ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရသည်။
“Food Box 2 ကို ရိုက်ခွဲခံရတာက ညဖက်မှာ ဖြစ်သွားတော့ ဘယ်သူတွေဆိုတာ တိတိကျကျ မသိ လိုက်ပါဘူး။ ဒီအနီးနားမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ လူငယ် တစ်အုပ်စုက ဆိုင်ကယ် ၃ စီးနဲ့ လာလုပ် သွားတယ် ဆိုတာပဲ သိရတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောဆိုသည်။
မြိတ်မြို့မှာ Food Box များတွင် နေ့စဉ် မုန့်၊ အချိုရည်ဘူးနှင့် ရေသန့်ဘူးများကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းသူများ ရှိနေပြီး၊ စည်းကမ်းမဲ့ လာရောက် ယူသူများလည်း အများအပြား ရှိနေ သည်ဟု မြို့ခံပြည်သူများထံမှ သိရသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ ထိထိရောက်ရောက် အရေးယူအမှုဖွင့်နိုင်ဖို့ အတွက် မြို့နယ်ရဲစခန်းကို အကြောင်းကြားထားပါတယ်၊ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတဲ့ဥပဒေနဲ့ အရေးယူသွားဖို့ စုံစမ်း စစ်ဆေးခိုင်းထားတယ်” ဟု ဦးမြတ်ကိုကိုက ထပ်လောင်း ပြောဆိုသည်။
မြိတ်မြို့တွင် Food Box များကို ယခင်က နေရာ ၃ ခု၌သာချထားရာမှ လက်ရှိတွင် ၄ လုံး အထိ ရှိလာနေကြောင်း မြို့ခံများထံမှ သိရသည်။
“Food Box တွေမှာ လူတွေက စည်းကမ်း မရှိကြပါဘူး။ လူတစ်ဦးကို မုန့် တစ်ခု၊ ရေ တစ်ဗူး ယူရမယ့်နေရာမှာ ယူချင်သလို ယူနေကြတာ ရှိပါတယ်။ နောက်ပြီး အခုလိုမျိုးမှန်ပုံးကို ရိုက်ခွဲ ဖျက်ဆီးတာကတော့ လုံးဝ လွန်လွန်း ပါတယ်”လို့ မြိတ်ပြည်သူ့ဆေးရုံကြီးအရှေ့တွင် ဆိုင်ကယ် ကယ်ရီမောင်းနေသော ဦးနီတွတ်က ပြောသည်။
မြန်မာနိုင်ငံတဝှမ်းရှိ မြို့ကြီးတချို့၌ Food Box များကို ဇွန်လမှ စတင်ကာ ချထားပေးခဲ့ပြီး အစား အစာ ယူဆောင်မှုများအတွက် ဝေဖန်မှုများလည်း ရှိခဲ့သည်။