စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

ဇူလိုင် ၁ ။           ။ စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) သည် ယနေ့ ဇူလိုင် ၁ ရက်နေ့  နံနက် ၇ နာရီတွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

“ရောဂါ ဖြစ်နေတာကြာပြီ။ စာမရေးနိုင်တာလည်း ကြာပြီ။ ဒီလိုဖြစ်သွားလိမ့်မယ်လို့ သိပ်မထင်ဘူး။ သူ လမ်းမလျှောက်နိုင်တာ ကြာပြီ။ လမ်းမလျှောက်နိုင်တဲ့အတွက် သူ အိပ်ယာထဲ လဲနေတာကြာပြီ။ သူ့ကိုယ်သူ ကျန်းမာအောင်တော့ ဂရုစိုက်နေတယ်။ အဲဒီကြားထဲကနေပြီးတော့ အခုရက်မှာ နည်းနည်း နေမကောင်းဖြစ်တာနဲ့ ဆရာဝန်သွားပြမယ်ဆိုပြီး မနေ့က သွားပြဖြစ်တယ်။ ဒီမနက်မှာ မမျှော်လင့်ဘဲ ဆုံးသွားတာပါ။ အေးအေးဆေးဆေးနဲ့ပဲ သူ့ဘဝကိုသူ နောက်ဆုတ်ပြီး အရှုံးပေးသွားတာပါ” ဟု ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) ၏ ခင်ပွန်းဖြစ်သူ ကာတွန်းဆရာဦးစိန်ကြီးက မဇ္ဈိမသို့ ပြောသည်။

ဆရာမကြီးသည် အမှတ် ၁၆၊ ပထမထပ်၊ ဦးအောင်မြတ်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေအိမ်တွင် နေထိုင်မကောင်းဖြစ်ကာ ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိပြီ ဖြစ်သည်။

ဆရာမ သန်းမြင့်အောင်မှ “မမဝင်း(ဆရာမကြီးဒေါ်ကလျာ ဝိဇ္ဇာ/သိပ္ပံ) ယနေ့ နံနက်စောစောတွင် ကွယ်လွန်သွားပါကြောင်း စာပေမိသားစုများနှင့် ဆွေမျိုးမိတ်သင်္ဂဟများအား ဝမ်းနည်းစွာ အသိပေး အကြောင်းကြားအပ်ပါသည်။ သင်္ဂြိုလ်မည့်ရက်နှင့်အချိန်ကို ထပ်မံကြေငြာပါမည်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

စာရေးဆရာမကြီး ကလျာ(ဝိဇ္ဇာ/ သိပ္ပံ)ကို ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ် ၂နာရီ ၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

“ဆရာမကြီးက သူ့ရဲ့ဝတ္ထုမျက်နှာဖုံးတွေကို တို့ကို အမြဲအပ်ခဲ့တာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်ကတည်းကဆိုတော့ နှစ်ပေါင်းမနည်းတော့ဘူးပေါ့။ သူက အနေအေးတယ်။ စာပေတစ်ခုပဲ သူ့စိတ်ထဲမှာ ရှိတာ၊ ဒီ့ပြင် ဘာအကြောင်းအရာမှလည်း စိတ်မဝင်စားဘူး။ ဒီ့ပြင်လူတွေလို ဟိုဟာဒီဟာ ရှုပ်ရှုပ်ယှက်ယှက်လည်း မရှိဘူး။ စာရေးမယ် ၊ စာအုပ်ထုတ်မယ် ဒီစိတ်ပဲ ရှိခဲ့တာပါ” ဟု ကလျာ(ဝိဇ္ဖာ၊ သိပ္ပံ) ဝတ္ထုမျက်နှာဖုံးပန်းချီများ ရေးဆွဲခဲ့သူ ပန်းချီမောင်ကျော်ညွန့်က ဆိုသည်။

ဆရာမကြီး၏ ထင်ရှားသည့်စာအုပ်အချို့မှာ တောင်သမန်သစ္စာ ၊ ငပလီနှင့်လန်ကာဝီ၊ မချမ်းသော မချမ်းဘော ၊ ကျိန်စာသင့်ဝိဉာဉ် ၊ စိုင်းတို့မောသို့အလွမ်းပြေ၊ ခေမရဌ်အကျဉ်းစံ၊ မြောက်ဦးမြို့မှသည် တာချီလိတ်ဆီသို့ (ပ၊ဒု) ၊ ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ၊ဒု) ၊ ဇွဲကပင်တောင်ခြေ ချစ်ရိပ်ဝေသည်၊ သုဝဏ္ဏဘူမိသူ-သီရိပစ္စယာသား (ပ၊ဒု)၊ စန္ဒကူးစံအိမ်တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly