မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အစိုးမရတဲ့ ပူလိုက် အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းက ခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တေ်ာလေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။
ဒီအချက်တွေကြောင့်လည်ချောင်းနာတာ၊ ချောင်းဆိုးတာဖြစ်နိုင်ပါတယ်

လည်ချောင်းနာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –

  •    
    တုပ်ကွေးဖြစ်တာ
  •     အအေးမိဖျားနာဖြစ်တာ
  •     ရေကျောက်ပေါက်တာ
  •     ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
  •     ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
  •     အသံကုန်ဟစ်ထားခဲ့တာ
  •     ဆေးလိပ်သောက်တာ
  •     Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။

လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့်တစ်နေ့တာအလုပ်တွေအနှောင့်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့

လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင် တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် တစ်နေ့တာမှာ ထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။

    ပြည့်ပြည့်ဝဝအနားယူပေးပါ – အိပ်ရေးဝဝအိပ်စက်တာမျိုးလုပ်ပေးပါ။ ဖြစ်နိုင်ရင် အလုပ်တွေခဏဖယ်ထားပြီး အေးအေးဆေးဆေးနားလိုက်ပါ။
    အရည်များများသောက်ပါ – သောက်ရေ၊ စွပ်ပြုတ်ကစလို့ သစ်သီးဖျော်ရည်အဆုံး ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးနိုင်မယ့် အရည်တွေသောက်သုံးပေးပါ။ ဒါပေမယ့် သကြားများတာတွေ၊ ကော်ဖီနဲ့ အရက်ဘီယာတို့ကတော့ အဆင်မပြေပါဘူး။
    ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – ပတ်ဝန်းကျင်က မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့အတွက် ကိုယ်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
    အစိုဓာတ်ထိန်းစက်ဖွင့်ထားပါ – ကိုယ်ရှိနေတဲ့ အခန်းထဲမှာ အစိုဓာတ်ရှိနေစေဖို့ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးပါ။
    ရေနွေးနဲ့အာလုပ်ကျင်းပါ – လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် ရေနွေးခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးပါ။
    ဆားရည်နဲ့အာလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပေါ့။ ရေနွေးထဲမှာ ဆားထည့်ပြီး ပလုပ်ကျင်းပေးရုံပါ။
    ဆေးလိပ်ငွေ့လိုမျိုး ဓာတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကိုရှောင်ပါ – လည်ချောင်းနာနေချိန်မှာ ဆေးလိပ်လုံးဝမသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။
    ငုံဆေးငုံပါ – လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။
    ပျားရည်စားပေးပါ – သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကိုသောက်ပေးမယ်ဆိုရင်လည်း လည်ချောင်းနာတာကို သက်သာစေမှာပါ။
    ကြက်သွန်ဖြူစားသုံးပေးပါ – ကြက်သွန်ဖြူများများထည့်ထားတဲ့ ဟင်းခါးသောက်တာမျိုးလုပ်ပေးရင်လည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
    ပဲနံ့သာစေ့စားသုံးပေးပါ – ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး သောက်သုံးပေးလို့ရပါတယ်။

လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ…..

  •    
    အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကို ရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီး သေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင် ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
  •     ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
  •     တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
  •     ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
  •     အိပ်ရေးဝဝအိပ်ပါ။
  •     အာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါ။
  •     အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
  •     ဓာတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
  •     ဆေးလိပ် နဲ့ အရက်ကိုတတ်နိုင်သမျှရှောင်ပါ။

အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly