တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်

တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်
(File) Soldiers walk near the command center during the first day of 'Sin Phyu Shin' joint military exercises in Ayeyarwaddy delta region, Myanmar. Photo: EPA

ဇူလိုင် ၁။           ။  တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဟု ဆိုကာ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ် ကာလ ၂ လ တိုးမြှင့်ကြောင်း ကြေညာသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် တပ်မတော်အနေဖြင့်ပစ်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ ဒီဇင်ဘာ ၂၁ ရက် မှ ဧပြီ ၂၁ ရက် အထိ ၄ လတာကာလ အပစ်အခတ်ရပ်စဲခဲ့သည်။

ထို့နောက် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တိုးမြှင့်လိုက်ပြီးနောင် ယခု ၂ လ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်ရာ စုစုပေါင်း အပစ်ရပ်ကာလ ၈ လ ကြာမြင့်မည် ဖြစ်သည်။

၎င်းကဲ့သို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့် ကာလ အတွင်း၌   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေးနွေးဆောင် ရွက်နိုင်ခဲ့သည်ကို  တွေ့ရှိရကြောင်း တပ်မတော်၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တိုင်း ၅ တိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA ၊ TNLA ၊ MNDAA ၊ RCSS ၊ KNU တပ်များ ရှိနေသည်။

အပစ်ရပ်ဒေသတွင် မပါဝင်သော ရခိုင်ပြည်နယ်တွင်မူ ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly