“ကျောင်းမှာ ဖြစ်တယ်ဆိုရင်တော့ တာဝန်ယူသင့်တဲ့ဟာ အပြည့်ယူသွားမှာ” Wisdom Hill ကျောင်းအုပ် ဦးပညာနှင့် ဆက်သွယ်မေးမြန်းခြင်း

“ကျောင်းမှာ ဖြစ်တယ်ဆိုရင်တော့ တာဝန်ယူသင့်တဲ့ဟာ အပြည့်ယူသွားမှာ” Wisdom Hill ကျောင်းအုပ် ဦးပညာနှင့် ဆက်သွယ်မေးမြန်းခြင်း
 Wisdom Hill ကျောင်းအုပ် ဦးပညာ (ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇွန် ၃ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်၊ သပြေကုန်းရပ်ကွက်က Wisdom Hill အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၂နှစ်နဲ့ ၁၁လအရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာဟာ အခုဆိုရင် တစ်လကျော် ရှိလာပြီ ဖြစ်ပါတယ်။

မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်နေတဲ့ ဒီအမှုဟာ အချိန် တစ်လကျော် ရှိလာပြီဖြစ်ပေမယ့် အခုထိ တရားခံ ဘယ်သူဆိုတာ မပေါ်ပေါက်သေးပါဘူး။

မဇ္ဈိမက ဖတ်ရှုခွင့်ရခဲ့တဲ့ ရဲကြေးနန်းမှာတော့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက အမှတ်(၁) ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းမှာ မေလ ၁၇ ရက်က အမှုဖွင့်တိုင်ကြားထားပြီး သမီးဖြစ်သူ ကျောင်းကြို/ပို့ ကားနဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိချိန်မှာ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို သိရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။

အခုဆိုရင် လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ ‘Justice for Victoria’(ဗစ်တိုးရီးယားအတွက် တရားမျှတမှု) ဆိုတဲ့ လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန် လုပ်နေကြပြီး ဒီလှုပ်ရှားမှုဟာ အခုဆိုရင် သမ္မတရုံးအထိပါ ရောက်ရှိလာပါပြီ။

Wisdom Hill မူကြိုကျောင်းအုပ် ဦးပညာကတော့ သူ့အနေနဲ့ တရားခံ ပေါ်ပေါက်စေချင်ကြောင်းနဲ့ ကျောင်းမှာ ဖြစ်ခဲ့တာဆိုရင် တာဝန်ယူဖို့ အသင့်ရှိကြောင်း မဇ္ဈိမရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးပညာနဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ စီအိုင်ဒီ(မှုခင်းရဲတပ်ဖွဲ့)က ကိုင်တွယ်နေတဲ့ ဒီအမှုမှာ ဆရာတို့ ကျောင်းဘက်က ဘယ်လို ပူးပေါင်းဆောင်ရွက်နေလဲ။

ဖြေ။ ။ အယောက် (၂၀)ကို သူတို့(စီအိုင်ဒီ) ခေါ်ယူစစ်ဆေးတယ်။ DNA တွေစစ်ပြီး ဒီအချိန်လောက် ဆိုရင်တော့ အဖြေထွက်ရောပေါ့။ သူတို့လည်း တိုက်ဆိုင်၊ စစ်ဆေးပြီးလောက်ရောပေါ့။ ဒါပေမယ့် ဘယ်သူတွေကို ဘာလုပ်တယ်ဆိုတာ ကျွန်တော်လည်း အတိအကျ မသိရဘူး။ သိခွင့်လည်း မရှိဘူး။ အဲ့တော့ သေချာတာကတော့ ကျောင်းအနေနဲ့ကတော့ သူတို့ ခေါ်ယူစစ်ဆေးတဲ့ဟာကို တစ်ကြိမ်မှ ပျက်ကွက်ခဲ့ခြင်း မရှိဘဲ ပူးပေါင်းဆောင်ရွက်တယ်။ ဆောင်ရွက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့က တရားခံ ပေါ်ချင်တာ။ တရားခံသည် ကျောင်းမှာဆိုလည်း ကျောင်းက ပေါ်သွား၊ သို့တည်းမဟုတ် ဒီမှာမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အလျောက် သူတို့က စီစဉ်ဆောင်ရွက်ရမှာဆိုတော့ သူတို့အတွက် ပံ့ပိုးတဲ့ အနေအထားပါ။ ကလေးအတွက် တရားခံအမြန်ဆုံးပေါ်အောင် ကျွန်တော်တို့က ကူညီတဲ့ ရည်ရွယ်ချက်ပါ။

မေး။ ။ အယောက် ၂ဝမှာ ဘယ်သူတွေပါလဲဆိုတာကို နည်းနည်း အသေးစိတ် ပြောပြပါလား။ ဥပမာအားဖြင့် ဆရာမ ဘယ်နှစ်ယောက်၊ ဖယ်ရီ ကြို/ပို့တဲ့သူ ဘယ်နှစ်ယောက် အဲ့လို ခွဲပြီး ပြောပြလို့ ရမလား။

ဖြေ။ ။ အသေးစိတ်ကကျတော့ ကျွန်တော်ကိုယ်တိုင် မသိဘူးဗျ။

မေး။ ။ အဲ့ဒီအယောက် ၂ဝထဲမှာ ဆရာကော မပါဘူးလား။

ဖြေ။ ။ ပါတယ်ဗျ။ ကျွန်တော်ပါရင် နည်းနည်းကျော်သွားမယ်နဲ့တူတယ်။ ကျွန်တော်သည်လည်း ဒီကလေးကိစ္စအတွက် ပူးပေါင်း၊ ပါဝင်ပြီးတော့ အစစ်ဆေးခံတဲ့အထဲမှာ ပါပါတယ်။

မေး။ ။ ဆရာတို့ အနေနဲ့ ကျောင်းမှာ မဖြစ်ဘူးဆိုတဲ့ အာမခံချက်မျိုး ဒီအချိန်မှာ ပြောနိုင်လား။

ဖြေ။ ။ အဲ့ဒါက ပထမဆုံးဖြစ်တဲ့ ၃ဝရက်နေ့ထက်စာရင် အခုတော့ နည်းနည်းလေး ပိုပြီးတော့ ကျောင်းမှာ ဖြစ်နိုင်ခြေ ပိုနည်းတာပေါ့။ ဘာကြောင့်လည်းဆိုတော့ Investigation(စုံစမ်းစစ်ဆေးမှု)တွေ အများကြီး လုပ်ထားတယ်လေ။ အကယ်၍ အဲ့ဒီလုပ်ထားတဲ့အထဲမှာ ပါပြီဆိုရင်တော့ အဲ့ဒီပါတဲ့သူကို သူတို့ အမြန်ဆုံး ဖော်ထုတ်သွားမှာပေါ့လေ။ ကျွန်တော်တို့ကလည်း အဲ့ဒီဖြစ်တဲ့နေရာမှာ ကျွန်တော်လည်း မရှိဘူး။ ပြီးတော့ ကျွန်တော်တို့မှာလည်း နတ်မျက်စိ မရှိဘူးဗျ။ မသိရဘူးပေါ့လေ။ မသိရတဲ့ အကြောင်းအရာတစ်ခုကို စုံစမ်း၊ ဖော်ထုတ်နေတာဆိုတော့ ကျွန်တေ်ာတို့က ဘိုင်သေကြီး မပြောနိုင်ဘူး။ ဒါပေမယ့် လက်ရှိ အနေအထားအရ စုံစမ်း၊ စစ်ဆေးရသလောက် သိရသလောက်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းနေတာပေါ့။ ကျောင်းမှာ ဖြစ်နိုင်ဖို့ရာ တော်တော်လေး နည်းပါတယ်။

မေး။ ။ စီအိုင်ဒီဘက်က စစ်ဆေးတဲ့အခါ စီစီတီဗွီ(CCTV) မှတ်တမ်းကိုရော တောင်းသေးလား။

ဖြေ။ ။ အဲ့မှတ်တမ်းတွေက ပထမကတည်းက အမှတ်(၁)စခန်းကို ၁ရရက်နေ့(မေလ)ကတည်းက ကျွန်တော်တို့ အပြည့်အစုံ အပ်ထားပြီးသားဗျ။ အပ်ထားပြီးသားဟာမှ သူတို့ကြည့်တော့ နည်းနည်းလေး ဟ နေတယ်လို့ သူတို့ပြောတာလေးတွေ ရှိတယ်။ နောက်ဆုံးတော့ ဆရာတို့လည်း ဖေ့စ်ဘွတ်မှာပြောတာ တွေ့မှာပေါ့။ အချိန်များများစားစား ဟ တာ မရှိပါဘူး။ ၄မိနစ်ရယ်၊ ၈မိနစ်ရယ်၊ ၁၁မိနစ်ရယ် ဒါပဲ။ အဲ့သုံးပိုင်းတော့ ရှိတယ်။ ကျန်တဲ့ နာရီပိုင်းတွေ ဟ တာတော့ မရှိပါဘူး။ အားလုံးလည်း ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အဲ့သုံးပိုင်းကလွဲလို့ ပေ့ါလေ။

မေး။ ။ လူမှုကွန်ယက်မှာ အမျိုးမျိုး ပြောနေတာတွေ ရှိပါတယ်။ ကျောင်းကိုကော၊ မိသားစုကော နောက်ဆုံး ကလေးတွေအထိပေါ့။ ဒီအပေါ်မှာကော ဘာများ တုံ့ပြန်၊ ပြောကြားချင်လဲ။

ဖြေ။ ။ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒါကတော့ ကလေးတိုင်းမှာတော့ ဖြစ်တဲ့ကလေးကလည်း ကလေးပဲကိုး။ သူ့မှာလည်း ကလေးသူငယ် အခွင့်အရေး ရှိတယ်ပေါ့လေ။ အခု ဒီ အစွပ်စွဲခံရတဲ့ ကလေးကလည်း သူလည်း ကလေးပဲ။ မှန်တယ်ဆိုရင်တော့ ဒီကလေးတွေ အပြစ်ခံပေါ့။ အကယ်၍ မမှန်ဘူး ဆိုရင်တော့ ပြောတဲ့သူတွေ အနေနဲ့ကတော့ နည်းနည်းလေး ချင့်ချိန်စေချင်တာပေါ့ဗျာ။ ဒီလို ပြောတဲ့သူကိုလည်း အပြစ်တော့ မတင်လိုပါဘူး။ ကျွန်တော်တို့ မြန်မာလူထုကကျတော့ စာနာစိတ် အင်မတန်ကြီးတယ်။ စာနာစိတ် ကြီးတဲ့အတွက် ဒီအပေါ်မှာ ကရုဏာဒေါသောလို့ပဲ မြင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဒေါသောမှာတော့ ဒီဘက်ကို အမှန်လေးနဲ့တော့ ချင့်ချိန်ပြီးတော့ လုပ်စေချင်တာပေါ့။ အကယ်၍ မှန်တယ်ဆိုရင်တော့ သူတို့ ပြောစရာ မလိုပါဘူး။ စီအိုင်ဒီ သက်ဆိုင်ရာ အဖွဲ့က မှန်တယ်ဆိုရင် အဲ့ကလေးတွေလည်း ခေါ်သွားမှာပဲ။ အဲ့ကလေးတွေကိုလည်း အခု DNA တွေ ဘာတွေ စစ်ထားပြီးသား။ အဖြေလည်း ထွက်ထားပြီးသား။ အဲ့ကလေးတွေက လူတွေ့လည်း အစစ်ဆေးခံထားတယ်။ နှစ်ကြိမ်လား မသိဘူး။ DNA လည်း ပေးထားပြီးသား။ အကယ်၍ မှန်မယ်ဆိုရင်တော့ အဲ့ကလေးတွေ ဒီအချိန် အပြင်မှာ ရှိလောက်မှာ မဟုတ်တော့ပါဘူး။

မေး။ ။ အခုလို ဖြစ်သွားတော့ ကျောင်းအပေါ် ရိုက်ခတ်မှု ရှိလား။

ဖြေ။ ။ အကျိုးသက်ရောက်မှုကတော့ ကြီးကြီးမားမားတော့ မပြောလိုပါဘူး။ မိဘတစ်ဦးချင်းစီရဲ့ သူတို့ရဲ့ Choice(ရွေးချယ်ခွင့်)လေ။ ပုဂ္ဂလိကကျောင်း ဖြစ်တဲ့အတွက် မိဘတွေ ယုံကြည်လို့ ထားလည်း ရတယ်။ သူတို့ မယုံကြည်တော့လို့ မထားလည်း ရတယ်။ သူတို့မှာ ရွေးချယ်ခွင့် အခွင့်အရေး ရှိပါတယ်။

မေး။ ။ ဒီကိစ္စဖြစ်ပြီးတော့ မိဘတွေက သူတို့ကလေးတွေကို တော်တော်များများ လာပြန်နုတ်ကြလား။

ဖြေ။ ။ အဲ့လိုကြီးတော့လည်း မရှိပါဘူး။ မရှိပါဘူးဆိုတာ ကျွန်တော်တို့က မိဘတွေကလည်း သူတို့ကိုယ်တိုင် ဒီကျောင်းမှာ ထားနေတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ဘယ်လိုဆိုတာကို သူတို့လည်း အစကနဦးမှာတော့ မေးကြတယ်ပေါ့။ မေးတဲ့အခါမှာ ကျွန်တော်တို့က ပြောပြတယ်။ ကျွန်တော်တို့ကျောင်း ရပ်တည်မှုကို မိဘတွေက အသိဆုံးပေါ့။ ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်ဆံနေတာ ဆိုတော့လေ။ ကျွန်တော်တို့သည်လည်း အစကတည်းကလည်း ဖြစ်ရင်တော့ တာဝန်ယူမယ့် လူမျိုးပါ။ ဒီဟာကြီးကို ဖုံးကွယ်မယ့် လူမျိုးလည်း မဟုတ်ဘူး။ ကာကွယ်မယ့်သူမျိုးလည်း မဟုတ်တဲ့အတွက် မိဘတွေကိုယ်တိုင်ကိုကလည်း ပြောပါတယ်။ ဖြစ်တယ်ဆိုလည်း ဖြစ်တယ်၊ မဖြစ်ဘူးဆိုလည်း မဖြစ်ဘူး။ ကျွန်တေ်ာတို့အနေနဲ့ကလည်း ဖြစ်တယ်ဆိုလည်း တာဝန်ယူဖို့၊ ကျောင်းအနေနဲ့ မိဘတွေအပေါ်မှာ ပြန်ပြီးတော့ ဂရုစိုက်ပေးဖို့၊ လုပ်ဆောင်ရမယ့် ဟာတွေ လုပ်ဖို့အတွက် ဝန်မလေးပါဘူး။

မေး။ ။ ဆိုလိုတာက တစ်ကယ်လို့ ကျောင်းမှာဖြစ်ခဲ့တာဆိုရင် ဆရာတို့ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု အသင့်ရှိတယ်ဆိုတဲ့ သတင်းစကားမျိုး ပေးချင်တာလား။

ဖြေ။ ။ ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့က ကျောင်းမှာ ဖြစ်တယ်ဆိုရင်တော့ တာဝန်ယူသင့်တဲ့ဟာ အပြည့်ယူသွားမှာပေါ့။ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ယူမှုမျိုးကိုလည်း ယူသွားမှာ ဖြစ်သလို ဒီကလေးတွေ ကျွန်တော်တို့ကျောင်းမှာ အပ်ထားတာ ဖြစ်တဲ့အတွက် မိဘတွေ၊ ကာကယံရှင်တွေအတွက်လည်း တာဝန်ယူမှု အပြည့်ယူရမှာပေါ့။

မေး။ ။ တခြားကော ဘာများ ဖြည့်စွက်ပြီး ပြောချင်တာရှိလဲ။

ဖြေ။ ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းအရာကတော့ ကျောင်းအနေနဲ့က ဖြစ်တယ်ဆိုရင် ဖြစ်သည့်အလျောက် တာဝန်ယူဖို့ အဆင်သင့် ရှိတယ်။ အများ ဖေ့စ်ဘွတ်မှာ ရေးနေသလို ဒီဟာကို Cover(ဖုံးကွယ်)လုပ်ချင်လို့ ဒီလိုမျိုးဟာတော့ လုံးဝ မရှိပါဘူး။ ဘာ့ကြောင့် တစ်ချို့ဟာတွေ ဖေ့စ်ဘွတ်ပေါ် တက်မရေးလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ အထင်၊ အမြင်မှားစေတဲ့ဟာမျိုးလည်း မဖြစ်စေလိုဘူးပေါ့လေ။ နောက်တစ်ချက် ဘာလေးရှိတုန်းဆိုတော့ တစ်ချို့ ရေးတာလေးတွေ တွေ့ရတယ်။ ကလေးမိဘနဲ့ မပူးပေါင်းဘူးလား၊ မတွေ့ဘူးလားဆိုပြီး ရေးတာလေးတွေ တွေ့ရတယ်။ ကာကယံရှင် မိဘကတော့ အသိဆုံး ဖြစ်မှာပါ။ ကျွန်တော်တို့ သူတို့ဆီလာတဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့ဘက်တော့ ဘာကူညီပေးရမတုန်း၊ သူတို့ ဒီကျောင်းနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးချင်တာ၊ သိချင်တာ ရှိလို့ရှိရင် အချိန်မရွေး လာကြည့်လို့ရတဲ့အကြောင်း ကာကယံရှင် မိဘကို ပြောထားပါတယ်။ နောက်ပြီေးတာ့ တွေ့တဲ့အချိန်တိုင်းမှာလည်း ကျွန်တော် တစ်ခု ပြောလိုက်ပါတယ်၊ သူ့အဖေကိုလေ။ အကယ်၍ ဒီမှာသာ ဖြစ်တယ်ဆိုရင် သူတို့ စုံစမ်းချင်တယ်ဆိုရင် လုပ်ပါ။ ကျွန်တော်တို့ လုပ်ငန်းတွေအတွက် အရေးမကြီးပါဘူး။ သမီးလေးအတွက်သာ အရေးကြီးဆုံးပါပဲဆိုတာ ပထမဆုံး နေ့ကတည်းက သူ့အဖေကို ပြောလိုက်ပါတယ်။ အခု ဘာလို့ ထပ်ပြီး မဆက်သွယ်လည်းဆိုရင် ဆိုရှယ်မီဒီယာမှာက အမှန်ကို အမှန်အတိုင်း တင်တဲ့သူ ရှိသလို တချို့ကကျတော့လည်း ကြားတဲ့ဟာအပေါ်မှာ ပြောတဲ့အခါကျတော့ ကျွန်တော်က သူတို့အိမ်သွားတယ်ဆိုရင် ကလေးမိဘတွေကို စွပ်စွဲမှာ စိုးရိမ်တယ်။ စွပ်စွဲမှာ စိုးရိမ်တဲ့အတွက် ကျွန်တော်တို့က ဘယ်လိုဖြစ်လို့၊ ဘယ်ဝါဖြစ်လို့ဆိုရင် ကလေးမိဘတွေ၊ မိသားစုတွေ ထပ်ပြီး ကျွန်တော်တို့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးပေါ့။ အဲ့တော့ ကျွန်တော်တို့က အဝေးကနေတော့ ကလေးအတွက် ဆုတောင်းပေးနေပါတယ်။ ဒီဟာအတွက်လည်း ကြိုးစားပေးနေပါတယ်။ အဲ့ဒါလေးတော့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly