ကုန်သွယ်ရေးစစ် ယာယီရပ်စဲထားရေး အမေရိကန်နှင့် တရုတ် သဘောတူ

ကုန်သွယ်ရေးစစ် ယာယီရပ်စဲထားရေး အမေရိကန်နှင့် တရုတ် သဘောတူ

ဇွန် ၃၀ ။         ။ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ် ယာယီရပ်စဲဖို့ သဘောတူညီချက် ရခဲ့ကြပါတယ်။

ဇွန်လ ၂၉ ရက်က ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာတော့ လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်နေတဲ့ ကုန်သွယ်ရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြေလည်မှု ရရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဘက်နဲ့ တစ်ဘက်အကြား ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် စည်းကြပ်အခွန်အကောက်သစ်တွေ ထပ်မံ ချမှတ် မသွားဖို့ကိုလည်း နှစ်ဘက်အကြား သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေကျင်း ပို့ကုန်တွေအပေါ် နောက်ထပ် အခွန်အကောက်သစ်တွေ ထပ်မံပြဌာန်းမှာမဟုတ်ဘူးလို့ ထရမ့်က ပြောသွားပါတယ်။ တရုတ်သမ္မတနဲ့အကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ မျှှော်မှန်းထားတာထက် ပိုကောင်းခဲ့တယ်လို့ ထရမ့်က ပြောသွားပါတယ်။

ဆက်လက်ပြီးတော့လည်း တရုတ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei နဲ့ပတ်သက်လို့လည်း ယင်းကုမ္ပဏီအပေါ် ပျော့ပြောင်းတဲ့သဘောထားတစ်ရပ်ကို ထရမ့်က ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ယင်းတို့ရဲ့ ထုတ်ကုန်တွေကို Huawei ထံ ပြန်လည်ရောင်းချသွားနိုင်ကြောင်း ထရမ့် က ယမန်နေ့က ပြောဆိုသွားခဲ့ပါတယ်။ “ အမေရိကန်ကုမ္ပဏီတွေ ယင်းတို့ရဲ့ ပစ္စည်းတွေကို Huawei ဆီ ရောင်းနိုင်ပါတယ်” လို့ ထရမ့်က အိုဆာကာမြို့မှာ သတင်းထောက်တွေကို ပြောသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ခုလို ထရမ့်ရဲ့ စကားကြောင့် Huawei အပေါ်ထားတဲ့ သဘောထားရပ်တည်ချက် လုံးလုံးလျားလျား ပြောင်းသွားပြီလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  Huawei ကုမ္ပဏီအပေါ်မှာ အမျိုးသားလုံခြုံရေး စိုးရိမ်ရမှုအကြောင်းပြချက်တွေနဲ့အတူ အရေးပါတဲ့  အမေရိကန်နည်းပညာတွေ ရယူသုံးစွဲခွင့်  ဒါမှမဟုတ် အမေရိကန်စျေးကွက်မှာ လုပ်ကိုင်ခွင့်တို့ကို ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly