အာဂျင်တီးနား-ဘရာဇီးလ် ကိုပါဆီမီးဖိုင်နယ်မှာ ရေပန်းစားတဲ့ အသင်းမရှိဘူးလို့ ပြောဆိုလိုက်တဲ့ မက်ဆီ

အာဂျင်တီးနား-ဘရာဇီးလ် ကိုပါဆီမီးဖိုင်နယ်မှာ ရေပန်းစားတဲ့ အသင်းမရှိဘူးလို့ ပြောဆိုလိုက်တဲ့ မက်ဆီ
Photo: AFP

ဗင်နီဇွဲလားကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးလ်နဲ့အတူ အခွင့်အရေးဆတူ ရှိနေလိမ့်မယ်လို့ လီယွန်မက်ဆီက ပြောဆိုသွားပါတယ်။

မာတီနက်ဇ်နဲ့ ဆယ်လ်ဆိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဗင်နီဇွဲလားအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုလို ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်တာကတော့ အာဂျင်တီးနားအတွက် (၃)ကြိမ်ဆက် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ကိုလံဘီယာကို (၂-၀)ဂိုးဆိုတဲ့ ရှုံးနိမ့်မှုနဲ့ စတင်ခဲ့ပြီးနောက်မှာ ပါရာဂွေးကိုလည်း (၁-၁) ရလဒ်နဲ့ သရေကျခဲ့ပြန်တာကြောင့် သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အုပ်စုနောက်ဆုံးပွဲမှာတော့ ကာတာကို (၂-၀)နဲ့ နိုင်ခဲ့လို့ ကွာတားအဆင့်ကို တက်လှမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။

"အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့အကြားမှာ ရေပန်စားတဲ့ အသင်းကို ရွေးချယ်ရဖို့ ခက်ခဲပါတယ်။ ပြီးတော့ ဒီကိုပါအမေရိကဖလားမှာ ဘယ်အသင်းကဖြစ်ဖြစ် တစ်သင်းကို တစ်သင်း အနိုင်ယူနိုင်ပါတယ်။"လို့ အသက် ၃၂ နှစ်အရွယ်ရှိ ဘာစီလိုနာကြယ်ပွင့်ကစားသမားက လာမယ့် အင်္ဂါနေ့ရဲ့ ဆီမီးဖိုင်နယ်မတိုင်ခင် ပြောဆိုသွားပါတယ်။

"ကျနော်တို့ သူတို့ကို လေးစားပါတယ်။ ဘရာဇီးလ်တို့ဟာ ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။"

အိမ်ရှင် ဘရာဇီးလ်အသင်းကတော့ ကြာသပတေးနေ့က ကွာတားဖိုင်နယ်အဆင့်မှာ ပါရာဂွေးအသင်းကို မိနစ် (၉၀)ထိ ဂိုးမရှိ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ်ကျမှ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို ခက်ခက်ခဲခဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ဘရာဇီးလ်ကို အနိုင်ယူဖို့ ပုံစံကောင်းမှာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အရမ်းအာရုံစိုက်ရပါလိမ့်မယ်။"လို့  သူဟာ သူ့ရဲ့အကောင်းဆုံးမှာ မရှိသေးဘူးလို့ ဝန်ခံခဲ့တဲ့ ဘလွန်းဒီအော (၅)ဆုရှင် မက်ဆီက ပြောပါတယ်။ 

"ကျနော့်အတွက် အကောင်းဆုံး ကိုပါအမေရိကဖလားပြိုင်ပွဲတစ်ခုတော့ မဟုတ်သေးဘူး။"လို့ သူက ပြောတာပါ။

ဒါပေမယ့် မက်ဆီက အသင်းအနေနဲ့ ဗင်နီဇွဲလာကို ရင်ဆိုင်ခဲ့ရာမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ "ပြည့်စုံခဲ့တယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ကွင်းအနေအထားနဲ့ ပတ်သက်လို့ သူက "ရိုးရိုးသားသားနဲ့ ပြောရရင် ကွင်းမျက်နှာပြင်တွေက ဆိုးရွားလို့ ဘောလုံးကစားရတာ တကယ်ခက်ပါတယ်။ ဘောလုံးက လမ်ကြောင်းတိုင်းကို ခုန်ထွက်ပါတယ်။ ဒါပေမယ့် ဒါဟာ ကစားသမားတိုင်းအတွက် အတူတူပါပဲ။"လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly