နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး HSV-1 နဲ့ HSV-2 ရေယုန်ဗိုင်းရပ်စ်ပိုး ၂မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။
တခြားရော ဘယ်ကနေတစ်ဆင့် ကူးစက်နိုင်လဲ။

ရေယုန်ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိသူနဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်း၊ တံတွေးချင်း ဖလှယ်မိခြင်း၊ နမ်းခြင်း၊ မုန့်တစ်ခုတည်းကို မျှစားခြင်း၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ကူးစက်ပါတယ်။ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ဆင်းသောအရည်၊ အနာ၊ အနာပေါက်သွားတဲ့အခါ ထွက်လာတဲ့ သွေး၊ အရည်ကြည်၊ ပြည်ကနေ ကူးစက်ပါတယ်။
ပိုးဝင်ကာစမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ။

အအေးမိလက္ခဏာတွေ ဖြစ်တဲ့ အဖျားတက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေးနှာပိတ်တာ၊ ချောင်းဆိုးတာအပြင်၊ လည်ချောင်းထဲမှာရှိတဲ့ lymph node တွေ ရောင်တာအစရှိတဲ့ လက္ခဏာတွေကို စတင်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ရေယုန်လက္ခဏာတွေဖြစ်တဲ့ အရည်ကြည်ဖုတွေ ပေါက်လာမယ်။ ပေါက်သွားတဲ့အခါ အရမ်းစပ်ပြီး အနာအဖြစ်ကျန်ခဲ့မှာပါ။ အရည်ကြည်ဖုတွေကို လိင်အင်္ဂါပတ်လည်၊ နှုတ်ခမ်း၊ ပါးစပ်အတွင်းထဲတွေမှာ တွေ့နိုင်ပြီး မေးစေ့၊ လည်ပင်းအထိပါ ရောက်လာနိုင်ပါတယ်။

နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ကိုတော့ Oral Herpes လို့ခေါ်ပါတယ်။ အရည်ကြည်ဖု၊ အနာတွေကို နှုတ်ခမ်းနဲ့ ပါးစပ်ပတ်လည်မှာ တွေ့ရတတ်ပြီး ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အသားထဲက စူးနေသလို ခံစားရနိုင်ပါတယ်။
လက္ခဏာတွေဟာ ဘယ်လောက်ကြာမှ ပျောက်မှာလဲ။

အအေးမိလက္ခဏာ အများစုကတော့ တစ်ပတ်လောက်ဆိုရင် ပျောက်သွားတတ်ပြီး အရည်ကြည်ဖုကနေ ဖြစ်လာတဲ့ အနာတွေပျောက်ဖို့ကတော့ ၁ပတ်ကနေ ၂ပတ်လောက်ထိ ကြာနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ လိမ်းဆေးလိမ်းပေးလို့ ရပါတယ်။ လက္ခဏာအားလုံး ပျောက်သွားတဲ့တိုင်အောင် ရေယုန်လက္ခဏာက ကိုယ်ခန္ဓာထဲမှာ ရှှိနေမှာဖြစ်ပြီး ဒီလိုလက္ခဏာတွေ ထပ်ပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ ထပ်ဖြစ်တဲ့ လက္ခဏာတွေကတော့ ပထမဆုံးအကြိမ်လောက် နာကျင်မှုဖြစ်စေမှာ မဟုတ်ပါဘူး။
HSV ဗိုင်းရပ်စ်ပိုးကို ဘယ်လိုစစ်ဆေးမလဲ။

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လမှ ၆လအတွင်း စစ်ဆေးကြည့်လို့ရပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါအများစုဟာ သွေးဖောက်ထုတ်ပြီး ဓာတ်ခွဲခန်းမှာ သေချာစမ်းသပ်စစ်ဆေးရုံနဲ့ ရောဂါပိုးရှိ၊ မရှိကို သိနိုင်ပါတယ်။ ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ၂ မျိုးရှိတဲ့အတွက် သွေးစစ်တဲ့အခါ HSV-1 ရော HSV-2 ကိုပါ စစ်ဖို့ လိုအပ်ပါတယ်။ ဆေးစစ်ချက်အဖြေကို အစောဆုံး နာရီပိုင်းအတွင်း၊ နောက်အကျဆုံး ရက်အနည်းငယ်အတွင်းမှာ သိရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ရေယုန်ဗိုင်းရပ်စ်ပိုးကို လုံးဝသေစေနိုင်တဲ့ ဆေးဝါးများ မပေါ်လာသေးပါဘူး။
ရေယုန်အနာအတွက် ဘယ်လိုဆေးဝါးတွေ အသုံးပြုသင့်လဲ။

Acyclovir, Famciclovir, Valacyclovir ပါဝင်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေဟာ ရေယုန်ကြောင့် ဖြစ်တဲ့အနာအတွက် အကောင်းဆုံးပါပဲ။ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်တာထက် ဆရာဝန်နဲ့ အရင်ဆုံးပြပြီး တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။ ဒီဆေးတွေဟာ ရောဂါလက္ခဏာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တာဖြစ်ပြီး ကိုယ်ထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ သေစေနိုင်ခြင်း မရှိပါဘူး။

အကောင်းဆုံးကတော့ သူစိမ်းတွေနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့၊ နမ်းခြင်း၊ တံတွေးချင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly