၁၁လကြာ ဖမ်းဆီးခံထားရသည့် အောင်သပြေရွာ ဒေသခံ(၃)ဦးကို အမိန့်မချဖြစ်သေး

၁၁လကြာ ဖမ်းဆီးခံထားရသည့် အောင်သပြေရွာ ဒေသခံ(၃)ဦးကို အမိန့်မချဖြစ်သေး
  (ဓာတ်ပုံ- ဘိုဘို/မဇ္ဈိမ)

မန္တလေး(ဇွန်လ ၂၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်မှုကြောင့် တရားစွဲခံထားရသည့် ဒေသခံ (၃)ဦးကို ယနေ့ အပြီးသတ် အမိန့်ချမည်ဟု ချိန်းဆိုထားသော်လည်း လာမည့် ရုံးချိန်းမှသာ အမိန့်ချမည်ဟု မြို့နယ်တရားရုံးက ထပ်မံ ချိန်းဆိုလိုက်သည်။

စီမံကိန်းအတွက် ဖောက်လုပ်မည့် လမ်းမြေပေါ်တွင် ကျူးကျော်ခြံခတ်သည်ဟုဆိုကာ ဒေသခံများဖြစ်သည့် ဦးသိန်းပိုင်၊ ဒေါ်မြမြ(သရက်ကိုင်းကျေးရွာ)၊ ဒေါ်မြမြ(အောင်သပြေကျေးရွာ)နှင့် ဒေါ်အေးတို့ (၄)ဦးကို လမ်းတံတားဥပဒေပုဒ်မ (၂၂)၊ (၂၃)တို့ဖြင့် ကျေးလက်လမ်းတံတားဦးစီးဌာနမှ ဒေါ်မင်းမင်းမြင့် ဆိုသူက ပြီးခဲ့သည့်နှစ်အတွင်း တရားစွဲဆိုထားခြင်း ဖြစ်သည်။

 တရားစွဲခံထားရသူများအနက် (၃)ဦးမှာ ဖမ်းဆီးခံထားရသည်မှာ (၁၁)လခန့် ရှိပြီဖြစ်သော်လည်း အသက်(၇၀)ကျော်အရွယ် ဒေါ်အေးကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

 ထို့ကြောင့် တရားခံပြေးအဖြစ် ကြေငြာခံထားရသည့် ဒေါ်အေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၅၁၂)အရ ရာဇဝတ်အထွေထွေအမှု ထပ်မံ ဖွင့်လှစ်ရမည်ဖြစ်သဖြင့် ယနေ့ ရုံးချိန်းတွင် အမိန့်မချဖြစ်ခြင်း ဖြစ်သည်ဟု ဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေ ဒေါ်မြင့်သူဇာသိန်းက မီဒီယာများကို ပြောကြားသည်။

 ယခုကဲ့သို့ အမိန့်မချဖြစ်သည့်အပေါ် ဖမ်းဆီးခံထားရသည့် ဒေသခံများကလည်း ကျေနပ်မှု မရှိကြပေ။

 “ကျွန်မတို့ အမြန်လွတ်ချင်ပြီ။ ကျွန်မတို့ တောင်သူတွေ၊ ကျွန်မတို့မှာ အပြစ်မရှိဘူး။ ကျွန်မတို့မြေကိုလည်း မတရားသိမ်းသေးတယ်။ ကျွန်မတို့ ပစ္စည်းတွေကိုလည်း ဖျက်ဆီးသေးတယ်။ ကျွန်မတို့ကို အခု ထောင်ထဲမှာ ချထားတာ တစ်နှစ်ပြည့်တော့မယ်” ဟု ဖမ်းဆီးခံထားရသည့် သရက်ကိုင်းကျေးရွာနေ ဒေါ်မြမြက ပြောသည်။

 အောင်သပြေကျေးရွာမှ ဒေသခံများသည် ၎င်းတို့ ကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အကောင်အထည်ဖော်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစ်စိုက် ကန့်ကွက်လာကြခြင်း ဖြစ်သည်။

 ယခုနှစ် မေလ ၁၅ရက်ကလည်း အောင်သပြေရွာသူ၊ ရွာသားများသည် စက်ရုံ၏ ယာဉ်၊ ယန္တယားများ အသွားအလာ ပြုလုပ်သည့် လမ်းကို ပိတ်ဆို့တားဆီးရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

 ထို့ကြောင့် ရွာသားအချို့က ကုမ္ပဏီခြံဝင်း အတွင်းရှိ ကားနှစ်စီးနှင့် အဆောက်အဦ တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

 အဆိုပါ ရုန်းရင်းဆန်ခတ်မှု နောက်ဆက်တွဲအဖြစ် ရွာထိပ်တွင် လုံခြုံရေးအင်အား အများအပြားချထားသည်။ ရာအိမ်မှူး အပါအဝင် ရွာသား ၃ဦးကို ဆွေးနွေးမည်ဟု ခေါ်ယူကာ ထပ်မံဖမ်းဆီးခဲ့ပြီး အနည်းဆုံး ရွာသူ၊ ရွာသား ၉ဦးခန့်မှာလည်း မီးရှို့မှု အပါအဝင် ပုဒ်မတစ်ချို့ဖြင့် အမှုဖွင့် ခံထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required