ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့ခြင်းများကို စောင့်ကြည့်နေ

ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့ခြင်းများကို စောင့်ကြည့်နေ

နေပြည်တော်(ဇွန်လ ၂၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ နိုင်ငံတွင်း အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ငွေကြေးခဝါချမှုများနှင့်  ထိုလုပ်ရပ်များအပေါ် ငွေကြေးထောက်ပံ့ခြင်း များကို စောင့်ကြည့်နေသည်ဟု ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောသည်။

 ငွေကြေးခဝါချမှုများကို အမှု(၁၀၀)ကျော် အရေးယူထားပြီး၊ အကြမ်းဖက်ငွေကြေးထောက်ပ့ံမှုနှင့် ပတ်သက်ပြီး လေးမှုခန့် စုံစမ်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

 “သို့သော် လက်ရှိ မြေပြင်မှာတော့ ဖော်ထုတ်ရရှိခြင်းမရှိသေးပါဘူး။ သို့သော်လည်း Potential(အလားအလာ) ပေါ့။ အနာဂတ်မှာ ဖြစ်နိုင်ချေ ရှိတယ်ဆိုတဲ့ ခြိမ်းခြောက်မှုထဲမှာ ထည့်ထားပါတယ်။ ဒါကြောင့်မို့လို့ အဓိကကတော့ Terrorism Financing(အကြမ်းဖက်ငွေကြေးထောက်ပံ့ခြင်း) ရဲ့ Key(သော့ချက်) ကတော့ Terrorist case(အကြမ်းဖက်လုပ်ရပ်) တွေ အားလုံး ဖြစ်ပေါ်ဖို့အတွက် အဓိက အရေးကြီးဆုံးကတော့  Terrorism Financing ပါပဲ။ အကြမ်းဖက်မှုအပေါ်မှာ ငွေကြေးထောက်ပံ့ ခြင်းဟာ တော်တော်အရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ ကျွန်တေ်ာတို့ တောက်လျှောက်စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ဖော်ထုတ်ထားတဲ့ Case တွေတော့ မရှိသေးပါဘူး” ဟု  ၄င်းကပြောသည်။

 ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ Hilton တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပြီးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 အစိုးရပိုင်းမှ တရားဝင်ထုတ်ဖော်ပြောကြားထားသည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်လာနိုင်သောအကြမ်းဖက် တိုက်ခိုက်မှုများအတွက် ငွေကြေးထောက်ပံ့မှု မရရှိစေရန် ပြီးခဲ့သည့် သုံးနှစ်ခန့်ကတည်းက စောင့်ကြည့်နေကြောင်းလည်း ရဲမှူးချုပ်က ဆက်လက်ပြောသည်။

 ရခိုင်ပြည်နယ်အတွင်း   များပြားလာသည့် မူးယစ်ဆေးဝါးများ ပြည်ပနိုင်ငံသို့ ထွက်ရှိနေမှုနှင့် ထိုမှ ရရှိသည့် ငွေကြေးများ ပြည်တွင်းရှိ မည်သည့်နေရာများသို့ ပြန်လည်ဝင်ရောက်လာမှုကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ရဲမှူးချုပ်ကျော်ဝင်းသိန်းကပြောသည်။

 
“အထူးသဖြင့်တော့ ဘဏ်တွေက Branch တွေက အစ သတင်းပို့စနစ်ပေါ့။ ဘာလို့ဆို ကျွန်တော်တို့ကကျတော့ Overall ကို အပေါ်က စောင့်ကြည့်နေတဲ့အတွက် ဒီတစ်လနဲ့ ဒီတစ်လ အတွင်းမှာ လွှဲပြောင်းတဲ့ ငွေကြေးပမာဏ ဘယ်လောက်ထိတိုးလာပြီ၊ ဘယ်လောက်ထိ လျော့လာပြီ။ ဒါတွေအားလုံးက  ကျွန်တော်တို့က သိထားတယ်”

 “ဒီအပေါ်မှာ ရှိတာနဲ့ တင်ကို ဒီဟာတွေ အတွက်ကတော့  ကျွန်တော်တို့ နိုင်ငံတော်လုံခြုံရေးနဲ့လည်း ဆက်နွယ် တယ်။ပြီးတဲ့ အခါမှာငွေကြေး ခဝါချမှုကော ၊ အကြမ်းဖက်မှု အပေါ်မှာ ငွေကြေးထောက်ပ့ံခြင်းနဲ့လည်း ဆက်နွယ်တဲ့အတွက် ဒါကြီးကတော့ ကျွန်တေ်ာတို့ တောက်လျှောက် စောင့်ကြည့်ထားပါတယ်။ စီမံထားရှိပြီးဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

 နိုင်ငံအဆင့် ဆုံးရှုံးနိုင်ခြေရလဒ်အရ သဘာဝ သယံဇာတများ ဖြစ်သည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများ ဘေးသို့ ထွက်ရှိနေခြင်းသည့် ပထမအဆင့် ဆုံးရှုံးမှုဖြစ်ပြီး၊ အခွန်ရှောင်လွဲမှုနှင့် အဂတိလိုက်စားမှုသည် ဒုတိယနှင့် တတိယ အနေအထားတွင်  ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required