မူပိုင်ခွင့်ဦးစီးဌာနကို အမြန်ဆုံးဖွဲ့စည်းရေးဆောင်ရွက်နေဟု စီးပွားကူးသန်းအမြဲတမ်းအတွင်းဝန်ပြော

မူပိုင်ခွင့်ဦးစီးဌာနကို အမြန်ဆုံးဖွဲ့စည်းရေးဆောင်ရွက်နေဟု စီးပွားကူးသန်းအမြဲတမ်းအတွင်းဝန်ပြော

ရန်ကုန်၊ ဇွန် ၂၈ ။              ။ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာများကို အကာအကွယ်ပေးနိုင်မည့် IP (Intellectual Property) ဌာန (ခေါ်) မူပိုင်ခွင့်ဦးစီးဌာနကို အမြန် ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက မဇ္စျိမ သို့ပြောသည်။

“IP နဲ့ပတ်သက်တဲ့ ဥပဒေ (၄) ခုကလည်း ပြဌာန်းပြီးသွားပြီ။ အဲ့ဒီ ဥပဒေ (၄) ခုကိုအခြေခံတဲ့ အေဂျင်စီ၊ နောက်တစ်ခါ ဦးစီးဌာနအပေါ် ပေါက်လာဖို့လည်းဆောင်ရွက်နေတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံးမှကျင်းပခဲ့သည့် “ မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ အိုင်တီစီးပွားရေးပြပွဲ ၂၀၁၉” ပွဲတွင် မဇ္စျိမ၏မေးမြန်းမှု ကိုဖြေဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်နှင့် အိုင်တီကဏ္ဍစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် အဆိုပါဌာနကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ထားရှိ ဖွဲ့စည်းရန်စီစဉ်ရခြင်းဖြစ်သည် ဟုလည်း ဦးအောင်စိုးကဆိုသည်။

“သူကအဆင့်ဆင့်လုပ်ရတဲ့အတွက် သူ့ရဲ့ကော်မတီဖွဲ့မယ်။ အေဂျင်စီဖွဲ့မယ်။ ဌာနဖွဲ့မယ်။ နောက်တစ်ခါ တည်နေရာတွေ ပြီးတော့ သူ့ရဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတာတွေရှိတယ်။ အိုင်တီ ကအစ၊ သူကလည်းအိုင်တီကိုအများကြီးသုံးရမယ်။ နောက်တစ်ခါ နေရာ၊ ဌာန အဆောက်အဦ ဒါတွေအားလုံး ပြင်ဆင်ပြီးတော့ဖြစ်နိုင်သမျှတော့ အမြန်ဆုံးဖွင့်နိုင်အောင်ကြိုးစားပါ့မယ်” ဟု ဦးအောင်စိုးက ဆက်ပြောသည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက ပြင်ဆင်ခဲ့သည့် ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ နှင့် အနုပညာမူပိုင်ခွင့် ဥပဒေတို့ကို ၂၀၁၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် အတည်ပြု ပြဌာန်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် အဆိုပါဌာနနှင့် အေဂျင်စီတို့ကိုဖွဲ့စည်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၂၀၁၉ခုနှစ် ဇန်နဝါရီ ၃၀ တွင် ဒုသမ္မတတစ်ဦး ဦးဆောင်မည့် မူပိုင်ခွင့်ဗဟိုကော်မတီကိုဖွဲ့စည်းတာဝန်ပေးခဲ့သည်။

ဇွန်လ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ အိုင်တီစီးပွားရေးပြပွဲတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိသည့် ထိုင်းကုမ္မဏီ ၁၄ ခုခန့်က ၎င်းတို့၏ ဆော့ဝဲနှင့် ဂိမ်းများကိုလာရောက်ပြသခဲ့ပြီး စီးပွားဖက်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly