ဂျပန်က ဂျီ ၂၀ ထိပ်သီးအစည်းအဝေး စတင်ကျင်းပပြီ

ဂျပန်က ဂျီ ၂၀ ထိပ်သီးအစည်းအဝေး စတင်ကျင်းပပြီ

အိုဆာကာ၊ ဇွန် ၂၈ ။           ။ ဂျီ ၂၀ နိုင်ငံတွေ ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တော်ကြီးတွေရဲ့ နှစ်ရက်တာ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ တရားဝင် စတင်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုသစ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဇွန် ၂၈ နဲ့ ၂၉ နှစ်ရက်တာ အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစည်းအဝေး အဖွင့်နေ့ ဒီကနေ့မှာတော့ ဒီဂျစ်တယ်စီးပွားရေးကို ဦးတည်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အစည်းအဝေး ဆွေးနွေးပွဲတွေဟာ နောက်တစ်နေ့ စနေနေ့ ညနေပိုင်းအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးကြီးရဲ့ ဘေးပန်းမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ အဓိက တွေ့ဆုံစည်းဝေးမှုအပါအဝင် နိုင်ငံတွေကြား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွေ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီဂျစ်တယ် စီးပွားရေးနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းပြောဆိုမှုမှာ ကမ္ဘာ့စီးပွားရေး အကြီးဆုံး အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြားက လုံခြုံရေးနယ်ပယ်နဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နယ်ပယ်တွေမှာ သဘောထားကွဲလွဲနေတာတွေကို အဓိက ပြောဆိုဆွေးနွေးပါတယ်။

အမေရိကန်ဟာ တရုတ်ရဲ့ နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို အမျိုးသားလုံခြုံရေး စိုးရိမ််ရတယ်ဆိုပြီး နာမည်ပျက်စာရင်း သွင်းထားတာလည်း ဖြစ်ပါတယ်။

ဒီဂျစ်တယ်စီးပွားရေးမှာ ကမ္ဘာ့အဓိက ဦးဆောင်သူအဖြစ် သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး စျေးကွက်ကို ဖွင့်လှစ်ထားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီဂျစ်တယ် စီးပွားရေးဟာ အဓိက ဖွံ့ဖြိုးမှု မောင်းနှင်အားဖြစ်ပေမယ့် 5G networks တည်ဆောက်မှုမှာ လုံခြုံရေးကို အာမခံနိုင်ဖို့ အရေးကြီးကြောင်း အလေးထား ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly