တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။
ဘာတွေ အကျိုးကျေးဇူးပေးနိုင်လဲ
ကြီးထွားဖွံ့ဖြိုးမှု

တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကို ဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။
အရိုးကျန်းမာရေး

တီလားပီးယားငါးမှာ များများပါဝင်နေတဲ့ သတ္တုဓာတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓာတ်လည်းဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာ

ငါးတော်တော်များများမှာလိုပဲ တီလားပီးယားငါးမှာ ဆယ်လီနီယမ်ပါဝင်မှုအရမ်းများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုုင်တယ်လို့တွေ့ရှိထားပါတယ်။ free radical တွေရဲဲ့သက်ရောက်မှုကို လျော့နည်းစေဖို့  ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။
နှလုံးကျန်းမာရေး

တီလားပီးယားမှာ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓာတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်းတို့ကု ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်း သွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။
ဦးနှောက်ကျန်းမာရေး

တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကို အောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓာကိုယ်အနှံ့ အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကို ထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။
အရွယ်မတိုင်မီ ရင့်ရော်ခြင်း

ဓာတ််တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓာတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radical တွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကို ထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပျောက်တွေ၊ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။
ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်

ဆယ်လီနီယမ်က  သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့်  ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက် ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။
သတိထားရမယ့်အချက်

အစပိုင်းက ပြောခဲ့သလိုပဲ တီလားပီးယားက အဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။ တီလားပီးယားဟာ သူ့စားကျက်နဲ့နေထိုင်ရာအတွင်း အဆိပ်အတောက်တွေကိုရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓာကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊ မွေးမြူတဲ့နည်းစနစ်မမှန်တာ၊ သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာ အဆိပ်အတောက်ပါလာတတ်ပါတယ်။ သူ့ဝန်းကျင်က အဆိပ်အတောက်ကင်းမယ်၊ မွေးမြူမှုမှန်ကန်မယ်ဆိိုရင် ဘာပြဿနာမှမရှိပါဘူး။ ပြောရရင် ငါးနဲ့မဆိိုင်၊ မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆို သေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊ အရည်အသွေးကောင်းတဲ့ငါးဟာ အာဟာရဓာတ်တွေသာ ပေးမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့ omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့ အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly