အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၆ လ အတွင်း သေဆုံးသူ ၅ဝအထိရှိ

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၆ လ အတွင်း သေဆုံးသူ ၅ဝအထိရှိ
ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၂၇ ။         ။ နေ့စဉ်လူဦးရေ ၁၅၀၀၀ နှင့် ၂ဝဝဝဝ ကြားအထိ ခရီးသွားလာမှုများရှိနေသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင်  ယာဉ်မတော်တဆမှုကြောင့် ၆ လအတွင်း သေဆုံးသူ ဦးရေ ၅၀ အထိ ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ သေဆုံးသူဦးရေမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ စာရင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၄၃ မှု၊ ဒဏ်ရာရရှိသူ ၅၉ ဦး၊ သေဆုံးသူ ၅ ဦး၊ ဖေဖော်ဝါရီ လတွင် ယာဉ်မတော်တဆမှု ၄၀ မှု၊ ဒဏ်ရာရရှိသူ ၅၄ ဦး၊ သေဆုံးသူ ၉ ဦး၊ မတ်လတွင် ယာဉ်မတော် တဆမှု ၅၂မှု၊ ဒဏ်ရာရရှိသူ ၁၂၂ ဦး၊ သေဆုံးသူ ၂၀ ဦး၊ ဧပြီလတွင် ယာဉ်မတော်တဆမှု ၅၈ မှု၊ ဒဏ်ရာရရှိသူ ၁၄၄ ဦး၊ သေဆုံးသူ ၉ ဦး၊ မေလတွင် ယာဉ်မတော်တဆမှု ၄၁ မှု၊ ဒဏ်ရာရရှိသူ ၇၀ ဦး၊ သေဆုံးသူ ၆ ဦးနှင့် ဇွန်လတွင် ယာဉ်မတော်တဆမှု ၂၄ မှု၊ ဒဏ်ရာရရှိသူ ၂၃ ဦး၊ သေဆုံးသူ ၁ ဦးရှိသည်။

မတ်လတွင် လူသေဆုံးမှုအများဆုံးဖြစ်ပြီး ထိုလအတွင်းမှာ လူဦးရေ ၂၀ အထိ သေဆုံးခဲ့ကာ ဧပြီလတွင် ယာဉ် မတော်တဆမှု ၅၈ မှုဖြင့် မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့သည့် လဖြစ်ခဲ့သည်။ ထုတ်ပြန်ထားသောစာရင်းအရ လက်ရှိ ဇွန်လတွင် ယာဉ်မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အနည်းဆုံးလဖြစ်ကြောင်း သိရသည်။

ထိုသို့ အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းမှာ လမ်းများ၏ အားနည်းချက်ဖြစ်သကဲ့သို့ ယာဉ်မောင်းများ၏ ယာဉ်အား ကြိုတင်စစ်ဆေးရန်ပေါ့ဆမှု၊ အရက်သေစာ သောက်စားမောင်းနှင်မှု စသည့် အချက်များကြောင့် ဖြစ်သည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်က ဧပြီလ ၉ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့်  ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက အမြန် လမ်းတွင်  ပျှမ်းမျှအားဖြင့်  ယာဉ်မတော်တဆမှု လျော့ကျလာကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required