ရနောင်းလူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသော မြန်မာနှစ်ဦး ပြန်လည်လွတ်မြောက်

ရနောင်းလူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသော မြန်မာနှစ်ဦး ပြန်လည်လွတ်မြောက်
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ထိုင်းအမျိုးသမီးတစ်ဦးကိုသတ်သညဟုစွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ၄ဦး။

ရန်ကုန်၊ ဇွန် ၂၇ ။             ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ အထက်တန်း ကျောင်းသူတစ်ဦး အသတ်ခံရမှုအတွက် ထောင် ဒဏ် ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးသည် အယူခံ အနိုင်ရ၍ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ ဒါရိုက်တာ ဦးထူးချစ်က မဇ္စျိမသို့ ပြောသည်။

“ အခုလောလောဆယ်ကလေးတွေက လူဝင်မှုကြီးကြပ်ရေးမှာခဏထားထားတော့ သတင်းလည်း သိပ်မစုံသေးဘူး။ ကျွန်တော်တို့ဆီကလူတွေလည်း အဲ့ဒီကိုသွားနေတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသား ၄ ဦးသည် ရနောင်းမြို့ရှိ ပင်လယ်အစားအစာများ ထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင်ခဲ့ပြီး၂၀၁၅ ခုနှစ် စက်တင်ဘာလ၂၈ ရက်က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ် အရွယ် ထိုင်း ကျောင်းသူတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူသည် အခင်းဖြစ်ပွားခဲ့သော ညက သူငယ်ချင်းဖြစ်သူထံသို့ တစ်ဦးတည်း အလည် သွားစဉ် လမ်းခရီး၌ အသတ်ခံရခြင်းဖြစ်ပြီး ဓားဒဏ်ရာ ၁၇ ချက် စစ်ဆေး တွေ့ရှိကြောင်း ထိုင်းသတင်းစာ များတွင် ရေးသားဖော်ပြခဲ့ကြသည်။

မြန်မာလူငယ်များသည် လူသတ်မှု၌ ၎င်းတို့ ပါဝင်ခြင်းမရှိဟု မူလက ထွက်ဆိုထားသော်လည်း ဖမ်းဆီးစစ်ဆေးစဉ်က ထိုင်းရဲတပ်ဖွဲ့မှ ညှဉ်းပန်းနှိပ် စက်ခြင်းကြောင့် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံခဲ့ရသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူများထဲမှ ကိုစိန်ဂတုံး အပေါ် ထောင်ဒဏ် ရှစ်နှစ်၊ ကိုဝေလင်း အပေါ် ထောင်ဒဏ် ခြောက်နှစ်နှင့် နှစ်ဦးပေါင်း ဒဏ်ငွေ ဘတ် ၅ သိန်းရ သောင်း (ကျပ် သိန်း ၂၂၀ ကျော်) ကျခံစေရန် ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်နေ့၌ တရားရုံးမှအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအတွက် အယူခံကို ၂၀၁၈ ဧပြီလတွင် ရနောင်းမြို့တရားရုံးသို့ တင်သွင်းခဲ့ပြီး တရားရုံးမှ အနိုင်ပေးလိုက်ခြင်းကြောင့် ဇွန်လ ၂၇ ရက်နံနက်ပိုင်းတွင် အကျဉ်းထောင်မှ လွတ်မြောက် လာကြောင်း သိရသည်။
ထို့အပြင် ကျန်နှစ်ဦးဖြစ်သော အသက် ၁၈ မပြည့်သေးသည့် မိုးဇက်အောင် ကို ထောင်ဒဏ် လေးနှစ်နှင့် ဘတ် ၈ သိန်း ၁ သောင်း ချမှတ်ခဲ့ပြီး ကျော်စိုးဝင်းကို ထောင်ဒဏ် နှစ်နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်း ၇ သောင်း ချမှတ်ကြောင်း အမှုဖြစ်စဉ်အရ သိရသည်။

မိုးဇင်အောင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျော်စိုးဝင်းသည် တရားသူကြီးမှချုပ်ရက်များ ခံစားခွင့်ပြုခဲ့သောကြောင့် ပြစ်ဒဏ်ပြည့်၍ အမိန့်ချမှတ်ခဲ့သည့် နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့်  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားများဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့နှစ်ဦးသည် သေဒဏ်ချခံထားရပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှ ချမှတ်မည့် နောက်ဆုံး အယူခံ အမိန့်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly