ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ်လုပ်ကို လုပ်ရမယ့် တာဝန်ဝတ္တရားတွေဆိုတာ ရှိလာစမြဲပဲနော်။ ကလေးဘဝမှာ စာသင်ဖို့၊ ဆော့ကစားဖို့၊ လူကြီးဖြစ်လာတော့လည်း အလုပ်တာဝန်၊ မိသားစုတာဝန်ဆိုပြီး ကိုယ့်မှာလုပ်ရမယ့် တာဝန်တွေ ပုံလာတတ်ကြပါတယ်။ အဲ့တော့ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်မိသားစုနဲ့ အချိန်အကြာကြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေသွားလိုတာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသူတွေ လိုက်နာသင့်တဲ့ လူမှုဘဝပုံစံကို ပြောပြပေးချင်ပါတယ်။
၁။ ကိုယ်သဘောကျမယ့် အရာတွေကို များများလုပ်ပါ။

လူတွေပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ လုပ်ချင်တာထက် လုပ်သင့်တာကိုပဲ ဦးစားပေး ဆိုတဲ့စကားလေးပေါ့။ အထိုက်အလျောက်တော့ မှန်တယ်ဆိုပေမယ့် အမြဲတမ်း လုပ်သင့်တာကိုပဲ ဦးစားပေးနေပြီး ကိုယ်လုပ်ချင်တာမလုပ်ရတဲ့အခါ ဘဝက မသေသေးလို့ အသက်ရှင်နေတာပဲရှိတာ၊ အဓိပ္ပါယ်ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် လုပ်ချင်တာရော၊ လုပ်သင့်တာရော သမမျှတစွာ လုပ်ပေးပါ။ ဥပမာ – ရုံးဖွင့်ရက်တွေမှာ အလုပ်ကို ဦးစားပေးမယ်၊ ကိုုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါတဲ့ အရာလုပ်တာ၊ မိသားစုဝင်တွေကို အချိန်ပေးတာ၊ ကိုယ့်အတွက် စိတ်ချမ်းသာစေမယ့် အရာတွေ များများလုပ်ပေးပါ။
၂။ အရေပြားကို ဂရုစိုက်ပါ။

အသက်ကြီးလာလေလေ အရေပြားက လူငယ်တုန်းကလို တင်းတင်းရင်းရင်းရှိတော့မှာ မဟုတ်ဘူးနော်။ ဇရာဆိုတာ အန်တုလို့မရတာမှန်ပေမဲ့ ကိုယ့်အသားအရေကို ငယ်စဉ်ကတည်းက ပုံမှန်ဂရုစိုက်ပေးမယ်ဆိုရင် တခြားရွယ်တူ လူကြီးတွေက ပါးရေနားရေ တွန့်နေတဲ့အချိန် ကိုယ်က နုပျိုလှပပြီးကြည့်ကောင်းနေတော့မှာပေါ့။ အသားအရေကို ထိန်းသိမ်းတဲ့နေရာမှာ သိပ်ပြီးခေါင်းစားဖို့ မလိုပါဘူး။ ကိုယ်နဲ့လိုက်မယ့် မျက်နှာသစ်ဆပ်ပြာနဲ့ တစ်နေ့ ၂ကြိမ်သစ်မယ်။ မျက်နှာသစ်ပြီးတိုုင်း အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။ ခန္ဓာကိုယ်ကို Lotion လိမ်းပေးမယ်။ နေလောင်ကာခရင်မ်တစ်ခုခု လိမ်းပြီးမှ အပြင်ထွက်မယ်။ ရေဓာတ်မခမ်းခြောက်စေဖို့ ရေများများသောက်ပေးနိုင်ရင် လုံလောက်ပါတယ်။
၃။ လေ့ကျင့်ခန်းလုပ်ပါ။

အထိုင်များတဲ့အခါ လူက သွေးလေးပြီး ကယ်လိုရီတွေ မလောင်ကျွမး်နိုင်တော့ပါဘူး။ ဒီအခါ အဝလွန်လာမယ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ၊ အသည်းအဆီဖုံးတာတွေ ဖြစ်လာမယ်။ လူက တက်တက်ကြွကြွမရှိတော့ လေးလံထိုင်းမှိုင်းပြီး ကြွက်သားတွေ၊ အရိုးအဆစ်တွေလည်း အားနည်းလာမယ်နော်။ ဒါကြောင့် အသက်ကြီးမှ ပိန်လှီပြီး အရိုးမကောင်းတဲ့အခြေအနေမျိိုး မရောက်အောင် လူငယ်ဘဝမှာကတည်းက လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့တော့ လိုမယ်နော်။
၄။ အစာအာဟာရကို ဂရုစိုက်ပါ။

ကျန်းမာအသက်ရှည်ဖို့ လူတစ်ယောက်က တစ်နေ့လိုအပ်တဲ့ အစာအာဟာရကို ပြည့်ဝစွာ စားပေးဖို့ လိုပါတယ်။ ကိုယ်က ဒါကြိုက်လို့ ဒါချည်းပဲစားတာမျိုးထက် နည်းနည်းစီ အာဟာရစုံစုံလင်လင် စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာတွေစားရမလဲဆိုရင် အသား၊ ငါး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဂျုံတွေကို နည်းနည်းစီစားပေးရမှာပါ။
၅။ စိတ်ကျန်းမာရေး မပေါ့ပါနဲ့။

လူ့ဘဝမှာ တစ်ခုမဟုတ် တစ်ခု အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒီလို လောကဓံကြောင့် ကိုယ့်ရဲ့ အဖိုးတန်စိတ်ကလေး မညှိုးနွမ်းရစေဖို့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းစွာ ထားပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကို ကုန်ဆုံးပါ။ လုပ်သင့်တာတွေပဲ လုပ်နေရင်းနဲ့ အသက်ကြီးပြီး ဘဝကုန်ဆုံးသွားရတာမျိုး မဖြစ်စေဖို့ သတိထားပါ။ ရောဂါပေါင်းစုံဖြစ်စေတဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး လျှော့ချပါ။ လူကဘယ်လောက်ပဲ ဥစ္စာဓနပေါများနေနေ စိတ်မချမ်းသာ၊ လူမကျန်းမာရင် အလကားပါပဲ။
၆။ ဆေးလိပ်ဖြတ်ပါ၊ အရက်လျှော့သောက်ပါ။

ဆေးလိပ်နဲ့ အရက်ကို လူကိုအရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး ကိုယ်ခံအားကျစေတယ်။ ရောဂါတွေ အလွယ်တကူဝင်လာတဲ့အခါ လူက ကျန်းမာရေးထိခိုက်လာမယ်။ အဆုတ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်တွေမှာ ဒီအဆိပ်အတောက်တွေနဲ့ ပြည့်နေပြီး တဖြည်းဖြည်းပျက်စီးလာမှာပါ။ ဒါကြောင့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးမှ မရှိစေတဲ့ အရက်နဲ့ ဆေးလိပ်ကို ငယ်စဉ်ကတည်းက အစလုပ်ပြီး မမှီဝဲတာ အကောင်းဆုံးပါပဲ။
၇။ အိပ်ချိန်ပြည့်ဝပါစေ။

လူတစ်ယောက် စိတ်နဲ့ ခန္ဓာကျန်းမာစေဖို့ အိပ်ချိန်မှန်ဖို့ လိုပါတယ်။ အိပ်ချိန်ဆိုတာ ညဘက် ပြည့်ဝစွာ အိပ်စက်အနားယူခြင်းကို ဆိုလိုတာဖြစ်ပြီး နေ့နဲ့ ညမှားအိပ်တာ၊ အိပ်ချိန်ကို ခွဲအိပ်တာ၊ ပိတ်ရက်မှာ ပိုပြီး အိပ်စက်အနားယူတာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ လူတစ်ယောက် တစ်နေ့ရှိသင့်တဲ့ ညအိပ်ချိန် ၇-၈နာရီ မပြည့်တဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်းတွေအပြင် အလုပ်ခွင်မှာ ကောင်းစွာ  အာရုံစိုက်လို့မရတာ၊ ဦးနှောက်မှတ်ဉာဏ် ထိခိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။
၈။ အသစ်အဆန်းတွေကို လုပ်ကြည့်ပါ။

ဘဝဆိုတာ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်၊ တစ်နေ့တစ်နေ့ ဒီလိုပဲ လည်ပတ်နေရင် သိပ်ကို ပျင်းဖို့ ကောင်းသွားမှာနော်။ အလုပ်မအားတဲ့ကြားက ကိုယ့်အတွက် သီးသန့်အချိန်ပိုလေး တစ်ခုထားထားပြီး အဲ့အချိန်မှာ ကိုယ်စိတ်ချမ်းသာစေမယ့် ဝါသနာလေးတွေလုပ်တာ၊ ဒါမှမဟုတ် ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို စမ်းလုပ်ကြည့်တာ၊ လူမှုအဖွဲ့အစည်းတွေမှာ ဝင်ရောက်အားဖြည့်ကူညီပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ အနည်းဆုံးတော့ စိတ်ကို လွတ်လပ်ပေါ့ပါးစေပြီး တစ်သမတ်တည်းသွားနေရတဲ့ ဘဝသံသရာကလည်း လွတ်မြောက်နိုင်မှာပါ။
၉။ ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပါ။

ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လာရင် ပေါ့ဆလို့မဖြစ်ဘူးနော်။ ရောဂါဆိုတာ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဆိုသလို ဖြစ်လာပြီဆိုရင်လည်း စောစောသိလေ ကုသဖို့ ပိုလွယ်ကူလေပါပဲ။ ဒါကြောင့် တစ်နှစ်ကို တစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှုခံယူပါ။ သွေးစစ်ပါ။ သွားနဲ့ ခံတွင်းကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုယ်မှဂရုမစိုက်ရင် ဘယ်သူမှလာဂရုစိုက်ပေးမှာ မဟုတ်ဘူးနော်။

ရခဲလှတဲ့ လူ့ဘဝသံသရာမှာ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်အထိ ကျန်းကျန်းမာမာ၊ စိတ်ချမ်းသာစွာ သက်တမ်းစေ့နေနိုင်ဖို့ အခုပြောသွားခဲ့တဲ့ အချက် ၉ ချက်ကို သေချာလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly