စလယ်ဝင် ဖင်မမည်းခင် လမ်းခွဲလိုက်ကြတဲ့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီ

စလယ်ဝင် ဖင်မမည်းခင် လမ်းခွဲလိုက်ကြတဲ့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီ

ပြည်တွင်းမှာ အွန်စောလို့ သိကြပြီး နှစ်သက်ချစ်ခင်ကြတဲ့ ကိုရီးယား မင်းသမီးချော ဆောင်းဟေကိုကို ခင်ပွန်းဖြစ်သူ မင်းသားချော ဆောင်ဂျွန်ကီက တရားဝင် ကွာရှင်းပြတ်စဲခွင့် တရားရုံးမှှာ ဦးတိုက်လျှောက်ထားပါတယ်။

ဆောင်ဂျွန်ကီရဲ့ ရှေ့နေဟာ ဆိုးလ်မြို့က မိသားစုရေးရာ တရားရုံးမှာ ဆောင်ဂျွန်ကီကိုယ်စား လင်မယားကွာရှင်းခွင့်ကို ဇွန် ၂၆ ရက်က သွားရောက်လျှောက်ထားခဲ့ကြောင်း ဇွန် ၂၇ ရက်မှာ မီဒီယာကို တရားဝင်အသိပေး အကြောင်းကြားလာတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် နှစ်နှစ်တောင် မပြည့်သေးခင် ပရိသတ်အချစ်တော် မင်းသားနဲ့ မင်းသမီးတို့ဟာ စလယ်ဝင် ဖင်မမည်းခင် ကွာရှင်းပြတ်စဲဖို့ အကြောင်းဖန်လာတာလည်း ဖြစ်ပါတယ်။

မင်းသားချော ဆောင်ဂျွန်ကီက “ကျွန်တော်အနေနဲ့ ပထမဆုံး ပြောချင်တာကတော့ အခု သတင်းဆိုးအတွက် ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကို တောင်းပန်လိုတာပါပဲ။ ဆောင်းဟေကိုနဲ့ ကျွန်တော် ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။”လို့ သူ့ရဲ့ ရှေ့နေကတစ်ဆင့် ပရိသတ်ထံ ထုတ်ပြန်ပါတယ်။

“တယောက်နဲ့ တယောက် အပြစ်ပြောရင်း ရှေ့ဆက်နေတာထက် အခင်အမင်မပျက်ဘဲ လမ်းခွဲလိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသေးစိတ် ထုတ်ပြောလို့ မတတ်နိုင်တဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်တဲ့ ခုလို လမ်းခွဲပြတ်စဲကြတာအပေါ် ပရိသတ်တွေကလည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီ အိမ်ထောင်ပြိုကွဲမှု ဒဏ်ကို ကျော်လွှားပြီး ခုကစလို့  သရုပ်ဆောင်တစ်ဦးအနေနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။”လို့ ဆောင်ဂျွန်ကီက ပြောခဲ့ပါတယ်။

ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ဟာ ၂၀၁၇ အောက်တိုဘာ ၃၁ ရက်က နှစ်ဦး မေတ္တာမျှပြီး တရားဝင် လက်ထပ်ထိမ်းမြားခဲ့ကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly