ဆေးဖြစ်ဝါးဖြစ် သုံးစွဲတဲ့ ဆေးခြောက် မရနိုင်ခြင်းကြောင့် အစ္စရေးမှာ အခက်ပွေ

ဆေးဖြစ်ဝါးဖြစ် သုံးစွဲတဲ့ ဆေးခြောက် မရနိုင်ခြင်းကြောင့် အစ္စရေးမှာ အခက်ပွေ

ဂျေရုဆလင်၊ ဇွန် ၂၆ ။           ။ ဆေးခြောက်ကို ဆေးဝါးအဖြစ် မှီခိုနေရတဲ့ အစ္စရေးပြည်သူတွေအနေနဲ့ ဆေးခြောက်မရနိုင်ဘဲ ဖြစ်နေတာကို ကြုံနေရတာကြောင့် ဆိုးဝါးတဲ့ အတိဒုက္ခနဲ့ ရင်ဆိုင်နေရကြပါတယ်။

ကိုက်ခဲနာကျင်မှု ဝေဒနာတွေ သက်သာဖို့အတွက် ဆေးခြောက်ကို ဆေးဝါးလို မှီခိုသုံးစွဲနေရသူ လူနာထောင်ပေါင်းများစွာဟာ ဆေးခြောက်မရနိုင်တာ လအတော်အတန် ကြာမြင့်နေပြီ ဖြစ်တာကြောင့် သူတို့ ဝေဒနာတွေရဲ့ ကြောက်မက်ဖွယ် ဆိုးဆိုးဝါးဝါး နှိပ်စက်မှုကို ခါးစည်းခံနေရတော့တာ ဖြစ်ပါတယ်။

“တကယ့်ကို ဝေဒနာ ခံစားရချိန်မှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲမှ အမှန်သက်သာရတာပါ။ ဆေးခြောက်ဟာ အားဖြည့်အစွမ်း အာနိသင် ပေးပါတယ်။”လို့ ဝှီးချဲနဲ့ နေနေရတဲ့ အသက် ၅၈ နှစ်ရှိ ဆေးမတိုးတဲ့ နာကျင်ဝေဒနာ ခံစားနေရသူ မီဂျယ်က ပြောပါတယ်။

“ဘယ်လောက်ပဲ ကိုက်ခဲနာကျင် ဝေဒနာ ခံစားရပေမယ့် ဆေးခြောက်သုံးစွဲရရင် ညလည်း အိပ်ပျော်သလို တနေ့လုံးလည်း မခံနိုင်အောင် ကိုက်ခဲတာမျိုး မခံစားရဘဲ နေထိုင်သွားနိုင်ပါတယ်။ ခုတော့ ဆေးခြောက် မသုံးစွဲရတာ လတော်တော် ကြာနေပြီး တော်တော်လေး ဝေဒနာ ခံစားနေရပါတယ်။”လို့ မီဂျယ်က ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ် သုံးစွဲခွင့်ကို ၁၉၉၉ ခုနှစ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲခွင့် ပါမစ်ထုတ်ပေးထားသူပေါင်းက လေးသောင်းခန့် ရှိပါတယ်။

ဒါပေမယ့် ဆေးခြောက်ကို အဓိက ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ Tikun Olam လုပ်ငန်းဟာ ကျန်းမာရေးဝန်ကြီးဌာနက အသစ်ပြဌာန်းတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင်နဲ့ အဓိက ဆေးခြောက်စိုက်ခင်းတွေကို အခြားနေရာ ရွှေ့ပြောင်းနေရတာကြောင့် လုပ်ငန်းယာယီ ပိတ်ထားတာကြောင့် အခုလို ဆေးခြောက်ကို ဆေးဝါးအဖြစ် မှီခိုနေရတဲ့ လူနာတွေအတွက် အတိဒုက္ခ ကြုံနေရတာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly