မူးယစ်ရာဇာကြီးတွေရဲ့ သတင်းကို ပေးကြပါလို့ သမ္မတ ဦးဝင်းမြင့် မေတ္တာရပ်ခံ

မူးယစ်ရာဇာကြီးတွေရဲ့ သတင်းကို ပေးကြပါလို့ သမ္မတ ဦးဝင်းမြင့် မေတ္တာရပ်ခံ
(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(ဇွန်လ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ မူးယစ်ဆေးဝါး လက်ကြီးသမားများ၏ သတင်းကို အချက်အလက် တိကျစွာဖြင့် တိုင်ကြားပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေတ္တာရပ်ခံလိုက်သည်။

 “မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေသာမက ထုတ်လုပ်သူတွေ၊ မူးယစ်ရာဇာကြီးတွေရဲ့ သတင်းတွေ တိတိကျကျ တိုင်ကြားပေးကြပါ” ဟု သမ္မတက ပြောသည်။

 နေပြည်တော်၊ MICC-2 တွင် ယနေ့ကျင်းပသည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က  ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အတားအဆီးဖြစ်နေတဲ့ တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စားသူတွေ ရှိခဲ့ရင် အရေးယူမှာ ဖြစ်တဲ့ အတွက် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက်တွေ ပို့ပေးကြပါ” ဟုလည်း သမ္မတက ပြောဆိုသည်။

 မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်ပြီး သတင်းပေးသူနှင့် သတင်းပေးသူ၏ သတင်းအချက်အလက် လုံခြုံရေးအတွက် 'မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန' တစ်ခုကို နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ရက်တွင် စတင် ဖွဲ့စည်းထားသည်။

 သို့သော် “ပမာဏ ကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ ရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု သမ္မတက ပြောသည်။

 မူးယစ်ဆေးဝါးကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသည့် လက်ကြီးသမားများနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားလာပါက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမည့်အပြင် သတင်းပေးသူကို အဆိုပါ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများအား အချိုးကျ ပြန်လည်ခွဲဝေပေးမည်ဟုလည်း သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့သည့်နှစ်က ပြောကြားထားသည်။

 မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စီမံကိန်းဌာနမှူးဖြစ်သူ ရဲမှူးကြီး အုပ်စိုးထွန်းကမူ မူးယစ်ဆေးဝါး လက်ကြီးသမားများကို ဖမ်းဆီးရမိရန် ခက်ခဲကြောင်း ပြောကြားသည်။

 “မူးယစ်ဆေးဝါးရဲ့ နောက်ကွယ်မှာ အများကြီးပဲ။ ဖမ်းဆီးရမိတဲ့ ကွင်းဆက်တရားခံတွေက အများကြီးပဲ။ ကျွန်တော်တို့က မိတဲ့အချိန်မှာတောင်မှ ကွင်းဆက်တွေ ဖော်ထုတ်ဖို့က တော်တော်် ခက်ပါတယ်” ဟု ရဲမှူးကြီးက ပြောကြားသည်။

 ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိရာ ယနေ့တွင်လည်း  ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျပ်သန်းပေါင်း ၄၅၁၇၄၆၄ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly