မြန်မာ့စီးပွားရေး နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီများ စိတ်ဝင်စားနေ

မြန်မာ့စီးပွားရေး နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီများ စိတ်ဝင်စားနေ

ဇွန် ၂၆၊ ရန်ကုန် ။          ။ ကမ္ဘာ့စီးပွားရေးထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာ့စီးပွား ရေး နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောသည်။

ထိုသို့ စိတ်ဝင်စားမှုရှိနေသည့် အမေရိကန်ကုမ္ပဏီများကို မြန်မာနိုင်ငံအနေဖြင့် ပိုမိုရင်းနှီးမြှုပ်နှံစေရန် ဆွဲဆောင်ဖို့ လိုအပ်ကြောင်း ၄င်းက ဆိုသည်။

“နေရာအားလုံးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီနေရာ၊ ဟိုနေရာတော့ ရွေးမပြောချင်ဘူး။ အဲ့တော့ မြန်မာနိုင်ငံက သူ့ရဲ့ နယ်ပယ်စုံမှာ ရင်းနှီးမြှုပ်နှံဖို့လုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေကို ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ လက်ရှိလာနေတဲ့သူတွေ ရှိသလို၊ လာချင်နေတဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် ဒီစီးပွားရေးလုပ်ငန်းရေရှည်သွားတာနဲ့အမျှ ဒီမှာလာပြီး စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေက နယ်ပယ်ကဏ္ဍစုံမှာ ရှိပါတယ်” ဟု Scot Marciel က ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအခြေအနေ တိုးတက်ကောင်းမွန်လာရေး ဟူသည့် ခေါင်းစဉ်ဖြင့် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel တွင်ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း ခေါင်းဆောင်ပိုင်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံက တကယ်တမ်းကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအကြီးဆုံး စျေးကွက်ကြီးတစ်ခုပါ။ အဲ့တော့ သူနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်း ကျွန်တော်တို့ Sector တိုင်းမှာ၊ ကဏ္ဍ အသီးသီးမှာ ရင်းနှီးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ စီးပွားရေးအဖွဲ့အစည်းတွေကြည့်ရင်လည်း အမေရိကန်ကုန်သည်ကြီးများအသင်းက နိုင်ငံတကာမှာ အကြီးဆုံးစီးပွားရေး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်တဲ့အတွက် ကဏ္ဍမျိုးစုံမှာဝင်ရောက်နိုင်တဲ့အနေအထားရှိပါတယ်" ဟု အမေရိကန် ကုန်သည်ကြီး များအသင်း (မြန်မာ)၏ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

လက်ရှိတွင်  မြန်မာနိုင်ငံ၌ လျှပ်စစ်ထုတ်လုပ်ခြင်းကဏ္ဍ၊ တည်ဆောက်ရေးကဏ္ဍ၊ ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍနှင့် ငွေကြေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများလိုအပ်နေပြီး အမေရိကန်နိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည့်် အခွင့်အလမ်းများရှိနေကြောင်း ၄င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly