Petrosyan နှင့် Petchmorakot တို့ ပြန်လည် ယှဉ်ပြိုင်ပွဲ နောက်ကွယ်မှ အကြောင်းအရင်းများ

Petrosyan နှင့် Petchmorakot တို့ ပြန်လည် ယှဉ်ပြိုင်ပွဲ နောက်ကွယ်မှ အကြောင်းအရင်းများ

လာမည့် ဇူလိုင် ၁၂ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် ONE: Masters of Destiny ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းမှ Giorgio Petrosyan နှင့် Petchmorakot Petchyindee တို့၏ ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix ပြန်လည် ထိုးသတ်ပွဲ ဖြစ်သည်။ အဆိုပါပွဲသည် ပြီးခဲ့သည့် မေလအတွင်းက စင်ကာပူတွင် ကျင်းပခဲ့သည့် ONE: Enter the Dragon ပြိုင်ပွဲတွင် Petrosyan ကို Petchmorrakot က အနိုင်ရရှိသွားပြီးနောက် ရလဒ်အပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်လာသဖြင့် ONE Championship ပြိုင်ပွဲ ကျင်းပရေး ကော်မတီကရလဒ်ကို ပြန်လည်ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ အငြင်းပွားမှုဖြစ်ရပ်သည် ကမ္ဘာတစ်ဝှမ်းရှိ Kick Boxing ဝါသနာအိုးများအကြား စိတ်ဝင်စားမှုမြင့်မားသည့် အငြင်းပွားမှု ဖြစ်သဖြင့် Kick Boxing လောက၏ အကြီးဆုံး အငြင်းပွားမှုဟုပင် မီဒီယာများက ခေါင်းစဉ်တပ်ခဲ့ကြသည်။ ၎င်းတို့ နှစ်ဦး၏ ပြန်လည်ယှဉ်ပြိုင်ရခြင်းအပေါ် ပရိသတ်များ သိရှိစေရန် အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ရပါသည်။

 အငြင်းပွားမှု ဖြစ်ပေါ်ခြင်း

ပြီးခဲ့သည့် မေ ၂၂ ရက်က ONE Championship ၏ ဥက္က႒ဖြစ်သူ Chatri Sityodtong သည် Kick Boxing လောကကို ဂယက် ထစေမည့် ကြေညာချက်တစ်ခုကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ONE Championship သည် စင်ကာပူတွင် ကျင်းပခဲ့သည့် ONE: Enter the Dragon ပြိုင်ပွဲမှ အငြင်းပွားဖွယ်ရာ တွဲဆိုင်းဖြစ်သော Giorgio Petrosyan နှင့် Petchmorakot Petchyindee တို့၏ ပွဲကို ပွဲအပြီးတွင် တရားဝင် ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့ပါသည်။ နှစ်ဘက်စလုံး အတွက်မျှတသော ဆုံးဖြတ်ချက်အနေဖြင့် ONE ပြိုင်ပွဲကျင်းပရေးကော်မတီသည် ယင်းပွဲကို အထမမြောက်သည့် ပွဲအဖြစ် ကြေညာ လိုက်ပါသည်။ ကြိုးဝိုင်းဒိုင်သည် ပွဲအတွင်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် တရားမဝင် လုံးထွေးသတ်ပုတ်ခြင်းများကို ထိရောက်စွာ ကိုင်တွယ် ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပါ။ ယင်းပွဲသည် အလိုအလျောက် ပြန်လည်ထိုးသတ်ရမည့် ပွဲအဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး အနိုင်ရရှိ သူသည် ဆုကြေးငွေ ဒေါ်လာ တစ်သန်းချီးမြှင့်မည့် ONE ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix ၏ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်ပါသည်”ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရလဒ်ပိုင်းဆိုင်ရာ အငြင်းပွားမှူ၏ အဓိက အကြောင်းအရင်းမှာ အနိုင်ရသူ Petchyindee သည် Kick Boxingပြိုင်ပွဲကို မွေထိုင်းကဲ့သို့ လုံးထွေးသတ်ပုတ်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တာဝန်ကျ ကြိုးဝိုင်းဒိုင်သည် ထို့ကဲ့သို့ တရားမဝင် လုံးထွေးသတ်ပုတ်ခြင်းကို ထိရောက်စွာ မထိန်းသိမ်းခဲ့ခြင်းသည်လည်း ယခုကဲ့သို့ ပြန်လည် ယှဉ်ပြိုင်ထိုးသတ်ပွဲ ဖြစ်လာရသည့် အချက်ဖြစ်သည်။

 နောက်ခံ အခြေအနေ

အဆိုပါ ပွဲစဉ်သည် ONE Championship သမိုင်းတွင် ဆုကြေးအမြင့်ဆုံးဖြစ်လာမည့် ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix မှ ကွာတားဖိုင်နယ် တွဲဆိုင်း တစ်ဆိုင်းဖြစ်သည်။ ဆုကြေး အမေရိကန် ဒေါ်လာ တစ်သန်း ချီးမြှင့်မည့် ယင်းပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ Kick Boxing အကျော်အမော် ၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး စင်ကာပူတွင် ကျင်းပသည့် ONE: Enter the Dragon တွင် ကွာတားဖိုင်နယ် တွဲဆိုင်း ၄ တွဲ ထည့်သွင်းယှဉ်ပြိုင်စေခဲ့သည်။

ယင်းတွဲဆိုင်း ၄ တွဲတွင်မှ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး တွဲဆိုင်းဟု သတ်မှတ်နိုင်သည့် မွေထိုင်း ကမ္ဘာ့ ချန်ပီယံ Petchmorakot Petchyindee Academy နှင့် Kick Boxing ကမ္ဘာ့ ချန်ပီယံ Giorgio “The Doctor” Petrosyan တို့၏ တွဲဆိုင်းကို နောက်ဆုံးမှ ကျင်းပခဲ့သည်။ ယင်းပွဲတွင် Petchmorakot နှင့် Petrosyan တို့သည် ၃ ချီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြပြီး အလဲထိုး နိုင်ခြင်းမရှိ၍ အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်ကို ရယူခဲ့ရသည်။ အမှတ်ပေးဒိုင် ၃ ဦးတွင် ၂ ဦးက Petchmorakot ကို အနိုင်ပေးခဲ့ပြီး Petrosyan ကို ၁ ဦးသာ အနိုင်ပေးခဲ့သဖြင့် Petchmorakot က အနိုင်ရရှိခဲ့သည်။

သို့သော် ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေဖန်မှု အများအပြားထွက်ပေါ်ခဲ့သဖြင့် ONE Championship တာဝန်ရှိသူများက ယင်းပွဲကို ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နည်းစနစ် ကျွမ်းကျင်သူများ၏ အသေးစိတ် သုံးသပ်မှုအပြီးတွင် အဆိုပါပွဲကို အနိုင်အရှုံးရလဒ်ကို ပယ်ဖျက်ပြီး အထမမြောက်သည့် ပွဲအဖြစ်သာ သတ်မှတ်ကာ ပြန်ထိုးပွဲ ကစားစေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Petchyindee Academy ၏ တုံ့ပြန်မှု

ONE Championship ၏ ပြန်လည်ယှဉ်ပြိုင်ရန် ကြေညာပြီးနောက် Petchmorakot ၏ Petchyindee Academy ဘက်မှ ပြန်လည် တုံ့ပြန်မှု မြန်မြန်ဆန်ဆန် ပြုလုပ်ခဲ့သည်။ Petchmorakot ၏ မန်နေဂျာ Boat Yindee ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်သော ကြေညာချက်ရှည်ကြီးတွင် ၎င်း၏ ကစားသမားသည် ပြိုင်ပွဲမှ နုတ်ထွက်ကြောင်းနှင့် ပြန်ထိုးပွဲကို မယှဉ်ပြိုင်နိုင်ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် Petchyindee သည် ONE Championship ၏  ပြန်လည်ယှဉ်ပြိုင်ရန် ကြေညာချက်ကို လိုက်နာခဲ့ပြီး ပြန်လည်ယှဉ်ပြိုင် ကစားရန်အတွက် ဆုံးဖြတ်ခဲ့သည်။

 ONE Championship CEO ၏ ရှင်းလင်းချက်

 အဆိုပါ ဖြစ်ရပ်များအပြီးတွင် Chatri က အချက် ၁ဝ ချက်ပါသော ရှင်းလင်းချက်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင် ကြေညာခဲ့သည်ကို တွေ့ရသည်။ ယင်းရှင်းလင်းချက်၏ အဓိကဖော်ပြချက်များမှာ ONE ၏ ပွဲရလဒ်ပယ်ဖျက်သော ဆုံးဖြတ်ချက်သည် ၃ စက္ကန့် သို့မဟုတ် ၅ စက္ကန့် လုံးထွေး သတ်ပုတ်မှု စည်းမျဉ်းနှင့် မသက်ဆိုင်ကြောင်း၊ မွေထိုင်းနှင့် Kick Boxingအကြား မတူညီသည့် စည်းမျဉ်းများကြောင့်သာ ဖြစ်ကြောင်း၊ မွေထိုင်းတွင် လုံးထွေးသတ်ပုတ်မှုကို တိုက်စစ်ရော၊ ခံစစ်အတွက်ပါ အသုံးပြုနိုင်သော်လည်း K1 နှင့် ONE တို့တွင် တိုက်စစ်သက်သက် အတွက်သာ သုံးခွင့်ပြုကြောင်း၊ ONE ၏ စည်းမျဉ်းများသည် K1 စည်းမျဉ်းများကို ပြန်လည် မွမ်းမံထားခြင်းဖြစ်သဖြင့် ခံစစ်အတွက် သို့မဟုတ် အချိန်ဆွဲရန် လုံးထွေးခြင်းကို ခွင့်မပြုကြောင်း ဖော်ပြခဲ့သည်။

ဆက်လက်ပြီး ရှင်းလင်းချက်တွင် အငြင်းပွားသည့် ပွဲအတွင်း လုံးထွေးသတ်ပုတ်မှု အကြိမ် ၂ဝ ကျော် ပြုလုပ်ခဲ့သော်လည်း ဒိုင်လူကြီးက သတိပေးမှုသာ ပြုလုပ်ခဲ့ပြီး ထိထိရောက်ရောက် ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်အတွက် အမှတ်လျှော့ခြင်း၊ အဝါကဒ်၊ အနီကဒ်များ ပြသခြင်းတို့ ပြုလုပ်နိုင်သော်လည်း ဒိုင်လူကြီးက မလုပ်ခဲ့ကြောင်း၊ Petchmorakot သည်လည်း ညစ်ပတ်လိုသည့် ရည်ရွယ်ချက်ဖြင့် လုံးထွေး သတ်ပုတ်မှု ပြုလုပ်ခဲ့သည်ဟု မိမိတို့ မယူဆကြောင်း၊ ၎င်းအနေဖြင့် K1 နှင့် ONE တို့ Kick Boxing စည်းမျဉ်းများကို နားမလည်ခြင်းဟုသာ မိမိတို့ ယုံကြည်ကြောင်း၊ ၎င်းသည် မွေထိုင်း ကမ္ဘာ့ ချန်ပီယံ ဖြစ်သော်လည်း Kick Boxing အတွေ့အကြုံနည်းလွန်းသဖြင့် တရားဝင်သည်ဟု ထင်မှတ်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရေးသားထားသည်။

ထို့ကြောင့် အဆိုပါ ပွဲသည် မွေထိုင်းစည်းမျဉ်းဖြင့် ကစားသည့် ပွဲသာ ဆိုပါက Petchmorakot အနိုင်ရမည် ဖြစ်သော်လည်း Kick Boxing စည်းမျဉ်းဖြင့် ကစားခဲ့ခြင်းဖြစ်သောကြောင့် Petrosyan က အနိုင်ရကြောင်း၊ သို့သော်လည်း အနိုင်ရသူကို အရှုံးဟု သတ်မှတ်လိုက်ပါက မမျှတရာရောက်သည်ဟု ယူဆသဖြင့် ပွဲကို အထမမြောက်ဟုသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည် ယှဉ်ပြိုင်ပွဲတွင် နှစ်ဘက်စလုံးကို စည်းမျဉ်းများ အသေးစိတ် ပြန်ရှင်းပြမည်ဖြစ်ကာ ကြိုးဝိုင်းဒိုင်အသစ်ကို ကိုင်တွယ်စေမည် ဖြစ်ကြောင်း Chatri ၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ကြားလူ၏ သုံးသပ်ချက်

Kick Boxingသမိုင်းတွင် အကြီးကျယ်ဆုံး အငြင်းပွားမှုကြီးဟုပင် သတ်မှတ်နိုင်သည့် အဆိုပါ ပွဲအပေါ် နှစ်ဘက်ပရိသတ်များ၏ ဂယက်များ ဆူညံနေသဖြင့် နှစ်ဘက်စလုံးနှင့် မပတ်သက်သော ပညာရှင် ကြားလူတစ်ယောက်၏ သုံးသပ်ချက်ကိုပါ ONE Championship က ရယူခဲ့သည်။

အဆိုပါ သုံးသပ်ချက်ကို နာမည်ကြီး ကိုယ်ခံပညာ အားကစား သုံးသပ်သူ တစ်ဦး ဖြစ်သည့် Lawrence Kenshin က သုံးသပ်ပေးခဲ့သည်။

Petchmorakot နှင့် Petrosyan တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပွဲတွင် ကြိုးဝိုင်းဒိုင် Atsushi Onari သည် Kick Boxing အတွေ့အကြုံ ရင့်ကျက်သည့် ဒိုင်တစ်ဦး ဖြစ်သော်လည်း ပွဲကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိကြောင်း၊ စည်မျဉ်းနှင့် မညီသည့် လုပ်ရပ်များကို နှုတ်ဖြင့် သတိပေးမည့် အစား အမှတ်နှုတ်ခြင်း၊ ပြစ်ဒဏ် သတ်မှတ်ခြင်းတို့ ပြုလုပ်ခဲ့သင့်ကြောင်း၊ ပထမ အချီတွင် Petrosyan သည် ရှင်းလင်းသော လက်သီးချက်၊ ခြေကန်ချက် များဖြင့် ပြတ်ပြတ် သားသား အနိုင်ရကြောင်း၊ ခါးအောက်ပိုင်းကို တစ်ကြိမ်ထိုးမိသော်လည်း ရည်ရွယ်ချက် မပါသည့် မတော်တဆ ထိခိုက်မိခြင်းသာ ဖြစ်ကြောင်း Kenshin က သုံးသပ်ခဲ့သည်။

Kick Boxing စည်းမျဉ်းတွင် လုံးထွေးသတ်ပုတ်ခြင်းသည် တရားမဝင်သဖြင့် လုံးထွေးမိပါက ဒိုင်က အချိန်မီ မတားမြစ်လျှင်ပင် ကစားသမားများက မိမိဘာသာ လူချင်း ပြန်ခွဲရကြောင်း၊ ရည်ရွယ်ချက် ရှိရှိ လုံးထွေးခြင်းသည် ပြစ်ဒဏ် သတ်မှတ်ခံရမည့် စည်းကမ်း ဖောက်ဖျက်မှု ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုတိယအချီနှင့် တတိယ အချီများတွင် Petchmorakot ဘက်မှ စတင်ပြီး အကြိမ်ကြိမ် ဝင်လုံးခဲ့ခြင်းက ပြစ်ဒဏ်ပေးရမည့် လုပ်ရပ်များသာ ဖြစ်ကြောင်း၊ ဒုတိယ အချီ တစ်ခုတည်းတွင် ပြစ်ဒဏ်ဖြစ်နိုင်ချေရှိသည့် လုံးထွေးမှု ၄ ကြိမ်နှင့် ဒိုင်က လူချင်းခွဲခဲ့ရသည့် လုံးထွေးမှု ၃ ကြိမ် ရှိခဲ့သဖြင့် အနည်းဆုံး အဝါကဒ် ပြစ်ဒဏ် ပြခဲ့သင့်ကြောင်း ၎င်းက ဆက်လက် သုံးသပ်သည်။

တတိယ အချီတွင်မူ Petchmorakot သည် သတိပေး ခံရမှု ၂ ကြိမ်နှင့် ပြစ်ဒဏ် ဖြစ်နိုင်သည့် လုံးထွေးမှု ၈ ကြိမ်အထိ ရှိခဲ့ခြင်းက သေချာပေါက် အမှတ်လျှော့ခံရမည့် လုပ်ရပ်များသာ ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များ မပါလျှင်ပင် ပထမ အချီနှင့် တတိယ အချီ များတွင် Petrosyan ၏ ထိုးသတ်မှုက အသာစီးရှိခဲ့ကြောင်း၊ မိမိ၏ အမြင်ကို ပြောရမည် ဆိုလျှင် မွေထိုင်းပွဲ ဆိုပါက Petchmorakot နိုင်နိုင်ချေ ရှိသော်လည်း Kick Boxingပွဲ ဖြစ်သဖြင့် Petrosyan နိုင်ကြောင်း၊ Petchmorakot က ရည်ရွယ်ချက် ရှိရှိ စည်းကမ်းဖောက်ခြင်း မဟုတ်ဘဲ စည်းမျဉ်း နားမလည်ခြင်းသာ ဖြစ်သဖြင့် ပြန်လည် ယှဉ်ပြိုင်ပွဲ ကစားသင့်ကြောင်း၊ မမျှတသည့် ဆုံးဖြတ်ချက်များ ဖြစ်ပေါ်ခဲ့သည့် ပွဲတစ်ပွဲကို တရားဝင် ပြန်လည် သုံးသပ်မှု ပြုလုပ်သည့် ONE Championship ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း Kenshin က သုံးသပ် ဖော်ပြခဲ့သည်။

ပြန်လည်ထိုးသတ်ရန် လက်ခံခြင်း 

ပြီးခဲ့သည့် ဇွန်လဆန်းက ONE Championship သည် ONE: Masters of Destiny ပြိုင်ပွဲ၏ တွဲဆိုင်းများကို ကြေညာခဲ့ရာတွင် Petrosyan နှင့် Petchmorakot တို့ တွဲဆိုင်းလည်း ပါဝင်လာခဲ့သည်ကို တွေ့ရသည်။

ယခု သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် “ကျွန်တော်ဟာ ရဲရင့်တဲ့ ကိုယ်ခံပညာကစားသမားတစ်ဦး ဖြစ်သလို ဂုဏ်သိက္ခာ ရှိတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ကိုယ်ခံပညာဟာ ကျွန်တော့်ဘဝနဲ့ စိတ်အားထက်သန်မှုပါ။ ကြိုးဝိုင်းထဲမှာ ကမ္ဘာ့အကောင်းဆုံး တွေနဲ့ ရင်ဆိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းကို စစ်ဆေးချင်တဲ့ ဆန္ဒနဲ့ ယှဉ်ပြိုင်တာပါ။ Giorgio Petrosyan ဟာ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်လို့ သူနဲ့ရင်ဆိုင်ရတာ ဂုဏ်ယူစရာ ကောင်းပါတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပထမပွဲဟာ ကျွန်တော့်ဘဝမှာ အခက်ဆုံးပွဲပါပဲ။ အဲဒီပွဲကနေ သင်ယူစရာတွေ အများကြီးရခဲ့ပြီး ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ အခုပွဲကို ယှဉ်ပြိုင်ဖို့အတွက် စိတ်ရောကိုယ်ပါ အဆင်သင့် ဖြစ်နေပါပြီ”ဟု Petchmorakot က ပြောခဲ့သည်။

ဆက်လက်ပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ Petchmorakot က “ဒီတစ်ကြိမ်မှာတော့ Kick Boxing စည်းမျဉ်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးကို လေ့လာပြီး ပိုကောင်းတဲ့ ပြင်ဆင်မှုတွေနဲ့ ပြန်လာတာပါ။ Giorgio ဟာ Kick Boxing ပွဲတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ပိုများပြီး အရမ်းလည်း ကျော်ကြားတဲ့သူ ဖြစ်ပါတယ်။ သူ့ကို ပထမဆုံး ကြိုးဝိုင်းထဲ စတွေ့ချိန်မှာပဲ သူ့ရဲ့ အရည်အချင်း အရမ်းကောင်းတယ် ဆိုတာ သိလိုက်ပါတယ်။ ဒီပွဲဟာ လွယ်လွယ်ကူကူ နိုင်မယ့်ပွဲမျိုး မဟုတ်ပါဘူး။ နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော့်နောက်မှာရှိတဲ့ ထိုင်းပြည်သူတွေရဲ့ အစွမ်းနဲ့ ကျွန်တော် အနိုင်ရအောင် ကစားမှာပါ။ ONE ရဲ့ ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix မှာ ယှဉ်ပြိုင်ခွင့် ပေးတဲ့အတွက် ONE Championship ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly