ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါးကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးချခံနေရ

ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါးကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးချခံနေရ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇွန်လ ၂၆ ။          ။ ရခိုင်ပြည်နယ်တွင် စိတ်ကြွဆေးပြား ဖမ်းဆီးရရှိမှုများ အများဆုံးဖြစ်နေသည့်အပြင် မူးယစ်ဆေးဝါး ကုန်သွယ်ရေး လမ်းကြောင်းအဖြစ်လည်း အသုံးချခံနေရကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေက ပြောသည်။

" ဒီ ရခိုင်ပြည်နယ်က ထွက်လာတာတွေသည် ရခိုင်ပြည်နယ် ပြည်သူပြည်သားတွေ သုံးစွဲဖို့၊ စားသုံးဖို့ မဟုတ်ဘူး။ သောက်သုံးဖို့ မဟုတ်ဘူး။ ဒီဟာသည် နိုင်ငံတကာကိုထိုးဖောက်မယ့် စီးပွားရေး လမ်း ကြောင်း တစ်ကွက်အနေနဲ့ ၀ိသမလောဘသားတွေက အသုံးချတာဖြစ်တဲ့အတွက်ကြောင့် ရခိုင် ပြည်နယ်မှာ ပင်လယ်ဝ တွေရှိတယ်။ ပင်လယ်ထွက်ပေါက်တွေရှိတယ်။ အဲ့ဒီကနေပြီးတော့ နိုင်ငံတ ကာကို ကုန်ကူးချင်လို့ပေါ့ဗျ။ ဘိန်းကုန်ကူးချင်လို့ပေါ့။ လွယ်လွယ်ပြောရရင် နိုင်ငံတကာကို ဘိန်းကုန် ကူးချင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ထွက်ပေါက်အနေနဲ့ ဒါ စီးပွားရေး လောဘသမားတွေက ဆောင်ရွက်ခြင်းဖြစ်ပါတယ်"ဟု ဒုတိယရဲမှူးကြီး လှဝေက ပြောသည်။

ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပြီးနောက် မီဒီယာများမေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

" သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေအနေနဲ့တော့ အိုက်စ် (ICE)ဆိုရင် တနင်္သာရီတိုင်းက များပါတယ်။ စိတ်ကြွဆေးပြားဆိုရင်တော့ ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရယ်၊ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ရယ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက များပါတယ်"ဟု ဒုတိယရဲမှူးကြီး လှဝေကဆက်ပြောသည်။

ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် မီးရှိုးဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး မျိုးစုံ၏ တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၆၀၀၀၀ ကျော်( အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော်) ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ထက် ကျပ်သန်းပေါင်း ၇၃၀၀၀ ကျော်ပိုများကြောင်းသိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့သည့် အမှုပေါင်းမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ၂၃၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမှုပေါင်း ၃၉၀၀ ကျော်အထိ ရှိခဲ့သောကြောင့် ယခုနှစ်သည် ယခင်နှစ်ထက် အမှုပေါင်း ၁၆၀၀ ကျော်အထိ တိုးမြှင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါးများမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့တို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly