မင်းလှတွင် အထောက်အထားမဲ့ (၇)ဦးနှင့် လမ်းပြတစ်ဦးကို ဖမ်းမိ

မင်းလှတွင် အထောက်အထားမဲ့ (၇)ဦးနှင့် လမ်းပြတစ်ဦးကို ဖမ်းမိ

မကွေး၊ ဇွန် ၂၆ ။           ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ဆင်ရင်ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာကြား ဆင်တောင်ချောင်းအနီးရှိ လျိုမြောင်များအတွင်း တောထဲတွင် အထောက်အထားမဲ့ (၇)ဦးနှင့်လမ်းပြ တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။

“ဇွန်လ ၂၄ရက်နေ့ကနေစတင်လို့တပ်ဖွဲ့ဝင်တွေကို အနီးကပ်ကွပ်ကဲပြီ မြို့သစ်ကျေးရွာလမ်းပေါက်၊ကန်တုတ်ကျေးရွာလမ်းဆုံတို့မှာ အထောက်အထားမဲ့တွေဖြတ်သန်းသွားလာမှု မရှိစေရေးအတွက်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေကို ဆောင်ရွက်နေခဲ့ကြတာဖြစ်ပါတယ်"ဟု ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးကပြောသည်။

ဇွန်လ ၂၅ရက် နံနက် ၉နာရီခွဲတွင် ပနီဆုံကျေးရွာအုပ်စု၊ ဆင်ရင်ကျေးရွာမှ ရွာခွဲတာဝန်ခံက မသင်္ကာ ဖွယ်ရာ လူစိမ်းများ တွေ့ရကြောင်း သတင်းရရှိသောကြောင့် ဆင်ရင်ကျေးရွာနှင့် ဆင်တောင်ချောင်း အနီး ပတ်ဝန်းကျင် တောတွင်းသို့ တောနင်းရှာဖွေခဲ့ရာ ည ရနာရီ ၃ဝတွင် အဆိုပါ လူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အထောက်အထားမဲ့ ဝင်ရောက်လာသူများမှာ ကျောက်တော်မြို့နယ်တွင် နေထိုင်သော မာဟာအူဘာလောင်(၁၉)နှစ် အပါအဝင် အသက်(၁၅) နှစ်နှင့် အသက် (၂၁)ကြား အထောက်အထားမဲ့ (၇)ဦးကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။ထို့အပြင် အဆိုပါလူများကို လမ်းပြအဖြစ် လိုက်ပါပို့ဆောင်ခဲ့သော မင်းတုန်း မြို့နယ်၊ ဝက်ကော်ကျေးရွာအုပ်စု၊ ငကုန်းကျေးရွာတွင် နေထိုင်သော စိုးမိုးဦး(ခ)ဆန်းဦး(၂၄)နှစ်ကိုလည်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စအတွက် စိုးမိုးဦး(ခ)ဆန်းဦးကို ရာဇသတ်ကြီးပုဒ်မ ၃၆ရဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟု သိရပြီး အထောက်အထားမဲ့ (၇)ဦးကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဖမ်းဆီးခေါ်ဆောင်ကာ မြို့နယ် လ.ဝ.က နှင့် ပူးပေါင်းစစ်ဆေး၍ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မဖြင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required