အီရန်က နျူကလီးယား ကတိကဝတ်တွေကို စွန့်ပယ်မည်

အီရန်က နျူကလီးယား ကတိကဝတ်တွေကို စွန့်ပယ်မည်

တီဟီရန်၊ ဇွန် ၂၆ ။        ။  ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်က ကတိကဝတ် တော်တော်များများကို  အီရန်နိုင်ငံဟာ ဇူလိုင် ၇ ရက်က စတင်ပြီး  ပြတ်ပြတ်သားသား စွန့်ပယ်သွားမှာဖြစ်ကြောင်း ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးရဲ့ မှတ်ချက်စကားကို ကိုးကားပြီး Fars သတင်းအေဂျင်စီက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံဟာ ၂၀၁၅ သဘောတူညီချက်က ကတိကဝတ်နှစ်ရပ်ကို မလိုက်နာတော့ဖို့ ရှိနေကြောင်း ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ကတည်းက ကြေညာထားတာပါ။

အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပြီး ရေနံ ရောင်းချခွင့် ရရှိအောင် ကူညီဖို့၊ ဒီလိုမှ မဟုတ်ရင် နျူကလီးယား ကတိကဝတ်ကို ဆက်လက် မလိုက်နာတော့မှှာကို ရင်ဆိုင်ရမှှာ ဖြစ်ကြောင်း ဥရောပ၊ တရုတ်နဲ့ ရုရှနိုင်ငံတွေကို အီရန်နိုင်ငံက အချိန်နှစ်လ ပေးထားခဲ့တာ ဖြစ်ပြီး အခု ဇူလိုင် ၇ ရက်ဟာ နှစ်လပြည့်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

သမိုင်းဝင် ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်က နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်ကနေပြီး စီးပွားရေးအရ အီရန်နိုင်ငံ အကျိုးအမြတ် ရရှိအောင် ဥရောပရဲ့ ကြိုးစားမှုတွေဆိုတာဟာလည်း ခါးသီးတဲ့ ပြက်လုံးပဲ ဖြစ်တယ်လို့ အီရန် ဘာသာရေးဦးသျှောင် အလာတိုယက်ရှ်အလီခါမေနီက ပယ်ချထားပါတယ်။

“ဇူလိုင် ၇ ရက်မှာတော့ အီရန်ဟာ ထည့်ဝင်ထားတဲ့ ကတိကဝတ်တွေကို လျှော့ချပစ်ဖို့ ဒုတိယ ခြေလှမ်းအဖြစ် အင်တိုက်အားတိုက် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။”လို့ အီရန် အမျိုးသားလုံခြုံရေးအထူးကောင်စီ အတွင်းဝန် ရေတပ်ဗိုလ်ချုပ်ကြီး အလီရှမ်ခါနီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Fars သတင်းက ဖော်ပြပါတယ်။

အီရန်ရဲ့ စိတ်ရှည်သည်းခံမှုကို အားနည်းမှုလို့ အဓိပ္ပာယ် ကောက်လွဲနေကြတဲ့ နိုင်ငံတွေ များကြောင်း၊ အမေရိကန်ရဲ့ ဒရုန်းယာဉ်ကို နယ်ကျော်လာတာနဲ့ ပစ်ချလိုက်တာဟာ အီရန်ရဲ့ အဖြေပဲ ဖြစ်ကြောင်း၊ အီရန် ပြည်သူတွေရဲ့ အခွင့်အရေးကို တားမြစ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး ကောက်ကျစ်ယုတ်မာမှုတွေကို တန်ပြန်သွားမှှာဖြစ်ကြောင်း အလီရှမ်ခါနီက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly