ကိုယ်ရံတော်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ အီသီယိုးပီးယား စစ်ဦးစီးချုပ်အား စျာပနချ

ကိုယ်ရံတော်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ အီသီယိုးပီးယား စစ်ဦးစီးချုပ်အား စျာပနချ

အဒီအဘာဘာ၊ ဇွန် ၂၅ ။         ။ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ကိုယ်ရံတော်ဖြစ်သူရဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အီသီယိုးပီးယား စစ်ဦးစီးချုပ် ဆာရီမက်ကွန်နန်ရဲ့ နာရေးကို ဒီကနေ့ ဇွန် ၂၅ ရက်မှာ ပြုလုပ်ပါတယ်။

အမ်ဟာရာ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အတွင်း အာဏာသိမ်းဖို့ ကြိုးစားမှု တစ်ရပ်မှာ စစ်ဦးစီးချုပ် ဆာရီမက်ကွန်နန် လုပ်ကြံခံရတာလို့လည်း သတင်းတွေက ဖော်ပြပါတယ်။

စစ်ဝတ်စုံအပြည့်နဲ့ စစ်သားတွေ ပြည့်နှံ့နေတဲ့ အခန်းမျက်နှာစာမှာ နိုင်ငံတော်အလံ လွှမ်းခြုံထားတဲ့ ဆာရီမက်ကွန်နန်ရဲ့ ခေါင်းတလားနား နိုင်ငံရဲ့ ဝန်ကြီးချုပ် အဘီအာမတ် ငိုကြွေးလျက်ရှိတာနဲ့ ဝမ်းနည်းပူဆွေးကြသူတွေ ငိုယိုဟစ်ကြွေးနေကြပုံကို နိုင်ငံတော်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

နိုင်ငံအတွင်း အလှမ်းကျယ်လွန်းတဲ့ စီးပွားရေး စီမံကိန်းကြီးတွေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အားသွန်ခွန်စိုက် ဖော်ဆောင်နေတဲ့ ဝန်ကြီးချုပ် အဘီအာမတ်အတွက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ဖြစ်ပွားတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့ရတဲ့ အာဏာသိမ်းရန် ကြံစည်မှုကြီးဟာ အဓိက ထိုးနှက်ချက်ကြီးတစ်ရပ် ဖြစ်နေပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ရေး ကြိုးစားနေပေမယ့် နိုင်ငံတွင်း လူမျိုးစု တိုက်ပွဲတွေနဲ့ အကျိုးစီးပွားနဲ့ အာဏာအတွက် မတူညီတဲ့ အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝရုန်းသုန်းကား အခြေအနေ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ အမ်ဟာရာပြည်နယ်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့အသွင် ဝတ်ဆင်ထားသူတွေက ဒေသအစိုးရထိပ်တန်းအရာရှိတွေရဲ့ အစည်းအဝေးထဲ ဝင်ရောက်လာပြီး ပစ်ခတ်ကြတာဖြစ်ပါတယ်။ ဒီ ပစ်ခတ်မှုမှာ ပြည်နယ်ဥက္ကဌ အမ်ဘာချောမက်ကွန်နန်၊ သူ့ရဲ့ ထိပ်တန်းအကြံပေးနဲ့ ပြည်နယ်ရှေ့နေချုပ်တို့ သေဆုံးကြောင်း အစိုးရက ကြေညာပါတယ်။

အဲဒီ ပစ်ခတ်မှုအပြီး နာရီအနည်းငယ်အကြာ ကီလိုမီတာ ၅၀၀ ခန့် အကွာအဝေးက အဒီအဘာဘာမြို့မှာ စစ်ဦးစီးချုပ် ဆာရီမက်ကွန်နန်ကို ကိုယ်ရံတော်ဖြစ်သူက ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။ ကြိုတင်ပူးပေါင်း အကွက်ချ တိုက်ခိုက်မှုအဖြစ် ဝန်ကြီးချုပ် ရုံးက ထုတ်ပြန်ပေမယ့် အသေးစိတ် မဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly