ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေးနှင့်ပတ်သက်သည့် မေးခွန်းများကို ဦးစားပေးထား

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေးနှင့်ပတ်သက်သည့် မေးခွန်းများကို ဦးစားပေးထား
(ဓာတ်ပုံ- ရဲအောင်သူ/AFP)

နေပြည်တော်(ဇွန်လ ၂၅ရက်၊ ၂၀၁၉ရက်)။ ။ ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူစဉ်က ကျန်ရှိနေသည့် ပညာရေးနှင့်ပတ်သက်သော အချက်အလက်များကို ယခုနှစ်ကုန်ပိုင်းတွင် ကောက်ယူမည့် ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းတွင် ပိုမိုထည့်သွင်းထားသည်ဟု ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။

 “နိုင်ငံတော် ဖွံ့ဖြိုး၊ တိုးတက်ရေးအတွက် အရေးကြီးဆုံးက ပညာရေးပါ။ ပညာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို တိတိကျကျ၊ မှန်မှန်ကန်ကန် သိရှိဖို့ လိုပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဘာတွေ လိုအပ်နေလဲဆိုတာကို သိရှိဖို့ ပညာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးထားတာပါ” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

 နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇူလိုင် ၂၅ရက်က ကျင်းပပြုလုပ်သော ကြားဖြတ်သန်းခေါင်းစာရင်းတွင် အသုံးပြုမည့် မေးခွန်းပုံစံတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “မေးခွန်းတွေကတော့ ၂၀၁၄မှာ မေးထားတဲ့ မေးခွန်းတွေ အပြင်ကို ထပ်ပြီးတော့ ပညာရေးနဲ့ ပတ်သက်တာဆို အသေးစိတ် ထပ်မေးထားပါတယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

 ထို့ပြင် ရွှေ့ပြောင်းလုပ်သားများနှင့် သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသေးစိတ်မေးမြန်းသွားရန် စီစဉ်ထားသည်။

 လာမည့် ကြားဖြတ်သန်းခေါင်စာရင်းကို မေးခွန်းစာရွက်များနှင့် ကောက်ယူမည် မဟုတ်ဘဲ Mobile Tablets များ အသုံးပြုကာ ကွန်ပျူတာကို အခြေခံပြီး လူတစ်ဦးချင်းကို အင်တာဗျူးသည့် စနစ်(CAPI- Computer Assisted Personal Interviewing)ဖြင့် ကောက်ကွက်ပေါင်း လေးထောင်ကျော်ဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံအောင် ကောက်ယူသွားမည် ဖြစ်သည်။

 “အရင်က မကောက်ခဲ့ရတဲ့ နေရာတွေလည်း ပါပါတယ်။ ဖြန့်ကျက်ပြီးတော့ လုပ်မှာပါ။ ‘ဝ’ တို့၊ မိုင်းလားတို့မှာလည်း သူ့ပြည်နယ်အလိုက် ကောက်ဖို့ ရှိပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

 ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူစဉ် မေးမြန်းရန် မေးခွန်းပေါင်း ၁၂၆ခုကို လျာထားသော်လည်း ယနေ့ အလုပ်ရုံဆွေးနွေးပွဲနှင့် ယခုလ ၂၈ရက်နေ့ ရန်ကုန်တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါ မေးခွန်းများကို ထည့်သင့်၊ မသင့် ဆွေးနွေး၊ ဆုံးဖြတ်ကြမည် ဖြစ်သည်။

 ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို နိုင်ငံ့ဘဏ္ဍာငွေဖြင့် ကျခံသုံးစွဲမည်ဖြစ်ပြီး နည်းပညာပံ့ပိုးမှုများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNFPA, World Bank, One Map Myanmar ADB တိို့၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးသိန်းဆွေက အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားသည်။

 သို့သော် ကုန်ကျစရိတ် မည်မျှရှိမည်ကိုမူ ဝန်ကြီးက အသေးစိတ် ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

 မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်စဉ်က လူဦးရေ ၅၁သန်းကျော် ရှ်ိခဲ့ရာမှ အဆိုပါ စာရင်းကို အခြေခံကာ တွက်ချက်မှုများအရ လူဦးရေ ၅၄သန်းခန့် ရှိလာပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ယခုနှစ်၊ ဧပြီလဆန်းက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly