တရားမဝင် ငါးခိုးဖမ်းသည့် စည်းကမ်းပျက် လှေ ၅ စီးနှင့် ရေလုပ်သား ၃၅ ဦးကို ဖမ်းဆီး

တရားမဝင် ငါးခိုးဖမ်းသည့် စည်းကမ်းပျက် လှေ ၅ စီးနှင့် ရေလုပ်သား ၃၅ ဦးကို ဖမ်းဆီး

မြိတ်၊ ဇွန် (၂၅)  ။                 ။ ငါးဖမ်းမရ ရာသီ သတ်မှတ်ထားချိန်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် စည်းကမ်းပျက်လှေ ၅ စီးနှင့် ရေလုပ်သား ၃၅ ဦးတို့ကို တပ်မတော် (ရေ) မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် စစ်ရေယဉ်မှူး ဗိုလ်ကြီး ဇော်မျိုးကိုကို ဦးစီးသော အဖွဲ့သည် စစ်ရေယာဉ် အမှတ် (၄၂၅)ဖြင့် ဇာဒက်ကြီးကျွန်း၊ ပလော်ကာဂျန်ကျွန်း အနောက်မြောက် ၁ ဒဿမ ၇ (nautical mile) အကွာတွင် လှေ ၅ စီးကို ညဖက်၌ ဝင်ရောက် ငါးခိုးနေစဉ် ဖမ်းစီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 “အဓိက ကတော့ ဒေသခံတွေ သတင်း ပေးပို့တာပေါ့။ အဲ့ဒီက အချက်အလက်တွေကို အခြေ ခံပြီးတော့ စစ်ရေယာဉ်နဲ့ လိုက််လံ ရှာဖွေရာမှ ဖမ်းဆီးရမိတာ ဖြစ်တယ်”ဟု တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောဆိုသည်။

အဆိုပါ ငါးခိုးဖမ်းသောလှေ ၅ စီးမှာ ကော့သောင်းမြို့နယ်မှ ငါးဖမ်းလှေများ ဖြစ်ပြီး ရေလုပ်သားများမှာလည်း  ယင်းမြို့၏ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

“တရားမဝင် ငါးခိုးဖမ်းတဲ့ လှေတွေကို ကော့သောင်းခရိုင် ငါးဦးစီးဌာနကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း တင်ပြ ထားတယ်”လို့ ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ကြံ့ချိုကျွန်း၏ အနောက်မြောက်(၅)မိုင်ခန့်အကွာတွင် တရားမဝင်ငါးခိုးဖမ်းခဲ့သော လှေပဲ့နင်း လှိုင်ဝင်း (၃၇)နှစ် အပါအဝင် (၇)ဦး၊ ကြံ့ချိုကျွန်း၏မြောက်ဘက်(၄)မိုင်ခန့်အကွာတွင် တရားမဝင် ငါးခိုး ဖမ်းခဲ့ သော လှေပဲ့နင်း အောင်မင်းနိုင်(၃၈)နှစ်အပါအဝင် (၇)ဦး၊ ပလော်ဂျွန်လိုကျွန်း ၏အနောက်မြောက် ဘက်(၂)မိုင်ခန့်အကွာတွင် တရားမဝင် ငါးခိုးဖမ်းခဲ့သော လှေပဲ့နင်း သန်းထိုက်(၄၀)နှစ် အပါအဝင် (၇)ဦး၊ ပလော်ဂျွန်လိုကျွန်း၏မြောက်ဘက်(၂)မိုင်ခန့်အကွာတွင် ငါးခိုးဖမ်းနေသော လှေပဲ့နင်း ကိုကိုဦး(၃၉)နှစ်အပါအဝင် (၇)ဦးတို့ကို ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ယခုနှစ် ငါးမွေးလ ရာသီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ ၃ လ အတွင်း ကမ်းဝေး ငါးဖမ်းလှေများ ကို ၁၀၀ ရာခိုင်နှုန်းပြည့် ငါးမဖမ်းရန် ပိတ်သိမ်းထားပြီး၊ တရားမဝင် ငါးခိုးဖမ်းပါက ငါးလုပ်ငန်း ဥပဒေ အရ အရေးယူရန် ထုန်ပြန်ထားကြောင်း သိရ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly