လက်တွေကို ဖြတ်ပစ်လိုက်ချင်ပြီလို့ ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် “သစ်ပင်လူသား”

လက်တွေကို ဖြတ်ပစ်လိုက်ချင်ပြီလို့ ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် “သစ်ပင်လူသား”

ဇွန် ၂၅ ။         ။ ခန္ဓာကိုယ်ပေါ်မှာ သစ်ပင်သစ်ခေါက်သဖွယ် အဖုအထစ်တွေ ထွက်တဲ့ ရှားပါးရောဂါတစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားနေရရှာတဲ့ အဘူလ် ဘာဂျန်ဒါ အမည်ရ အသက် ၂၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် “သစ်ပင် လူသား” ကတော့ ယခုအခါ ရောဂါကြောင့် နာကျင်မှုဝေဒနာကို မခံမရပ်နိုင် ခံစားနေရလို့ လက်တွေကို ဖြတ်ပစ်လိုက်ချင်ပြီလို့ ပြောဆိုလာခဲ့ပါတယ်။

ဘာဂျန်ဒါရဲ့ လက်တွေ၊ ခြေထောက်တွေမှာ သစ်ပင်သစ်ခေါက်လို အဖုအထစ်တွေ ထွက်နေပြီး ယင်းနေရာတွေမှာဆိုရင် မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာတွေ ခံစားနေရတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဒါကြောင့်မို့ ဒီ နာကျင်မှုဝေဒနာတွေ သက်သာသွားအောင်လို့ ၎င်းရဲ့ လက်တွေကို ဖြတ်တောက်ကုသပစ်လိုက်ချင်တယ်လို့ ဆိုပါတယ်။

“ နာကျင်တာတွေကို ကျွန်တော် မခံနိုင်တော့ဘူးဗျာ၊ ညညဆိုလည်း အိပ်မပျော်ဘူး၊ ဒါကြောင့် နာတာ သက်သာသွားအောင် ကျွန်တော့်လက်တွေ ဖြတ်ပစ်ဖို့ ဆရာဝန်တွေကို ပြောထားပါတယ်” လို့ ဘာဂျန်ဒါက ပြောသွားခဲ့ပါတယ်။

ရှားပါးတဲ့ ရောဂါလက္ခဏာစုတစ်ခုကြောင့် ဖြစ်တဲ့ လက်ခြေထောက်တွေမှာ အဖုအထစ်ထွက်နေခြင်းကို ဖယ်ရှားဖို့အတွက် အဘူလ် ဘာဂျန်ဒါဟာ ၂၀၁၆ နောက်ပိုင်း ခွဲစိတ်ကုသမှု ၂၅ ကြိမ်အထိ ပြုလုပ်ထားခဲ့ရပါတယ်။

၎င်းရဲ့ ရောဂါကို အောင်မြင်စွာ ကုသနိုင်လိုက်ပြီလို့ ဆရာဝန်တွေကတောင် ယုံကြည်ခဲဲ့ကြပေမယ့် ဘာဂျန်ဒါဟာ ယမန်နှစ် မေလက ဆေးကုသမှုခံနေရင်းတန်းလန်း ဒါကာဆေးရုံတစ်ခုကနေ မပြောမဆို ဆင်းသွားခဲ့သေးတယ်လို့ သိရပါတယ်။

ယင်းနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အခြေအနေ ပြန်ဆိုးလာခဲ့လို့ ဆေးရုံပြန်တက်နေရတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly