AFF Futsal Club Championship 2019 ပြိုင်ပွဲတွင် တတိယဆွတ်ခူးခဲ့သော ဖူဆယ်အသင်း ပြန်လည်ရောက်ရှိ

AFF Futsal Club Championship 2019 ပြိုင်ပွဲတွင် တတိယဆွတ်ခူးခဲ့သော ဖူဆယ်အသင်း ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန်လ ၂၅ ။        ။ AFF Futsal Club AFF Futsal Club Championship 2019 ပြိုင်ပွဲတွင် တတိယဆုဖြစ်သော ကြေးတံဆိပ် ဆွတ်ခူးခဲ့သည့် မြန်မာ ဖူဆယ်ထိပ်သီးကလပ်အသင်း MIU သည် ဇွန်လ ၂၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ဒီပွဲက ကျွန်တော်တို့အတွက်အတွေ့အကြုံအများကြီးရပါတယ်။အများကြီးပြင်ဆင်ရမယ်ဆိုတာ သိပါတယ်။ ဒီထက်ပိုပြီးကြိုးစားရမယ်ဆိုတာ သိပါတယ်။ နောက်ပိုင်းကြရင် အဓိက အနေနဲ့ ကျွန်တော်တို့ ကစားသမားတွေ ကြံခိုင်မှု နဲ့ ဒီထက်ပိုပြီးကြိုးစားရမယ်ဆိုတာ ဒီပြိုင်ပွဲကနေပြီး အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲ အရှိန် ကြောင့်လည်းပါတယ်။အုပ်စုတတ်သွားပြီးဆို ၂သင်းလုံး ဖိအားမရှိဘူးလေ။ အခုဟာက တတိယ လုပွဲကြတော့ ပြိုင်ပွဲ ဖိအားကြောင့်ခက်ခက်ခဲခဲ ကစားခဲ့ရတယ် " ဟု MIU အသင်းမှ ကိုခင်ဇော်လင်း က မဇ္စျိမ သတင်းဌာန ကို ဇွန်လ ၂၄ ရက်နေ့ ညပိုင်း က ဖြေကြားခဲ့သည်။

AFF Futsal Club Championship 2019 ပြိုင်ပွဲ၏ တတိယနေရာလုပွဲအဖြစ် ဇွန်လ ၂၃ ရက်နေ့က Terminal21 Korat Shopping Mall ကွင်းတွင်  မြန်မာကလပ် MIU အသင်းနှင့် ကမ္ဘောဒီးယား ကလပ် Down Town Sport အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ MIU အသင်းက(၉-၅) ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲ၏ တတိယ ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့သွားတည်းက တတိယတော့ မဟုတ်ပါဘူး။ ဖိုင်နယ်အထိပါ။အကြောင်းကြောင်း ကြောင့်တတိယ ရသွားပါတယ်။ လောလောဆယ်တော့ ဒီဟာကိုပဲ ဖြေသိမ့်ထားပါတယ်။လိုချင်တဲ့ ဆုကတော့ ဖိုင်နယ်အထိ သွားပြီးတော့ ဆုရချင်တာပေါ့။ တတိယ ရတဲ့အတွက်လည်း ဘာပဲပြောပြော အသင်းအတွက် ဂုဏ်ယူပါတယ် " ဟု MIU အသင်းမှာ ကိုပြည့်ဖြိုးမောင် က ပြောသည်။

 MIU အသင်းသည် AFF Futsal Club Championship ပြိုင်ပွဲ တစ်လျှောက်တွင် လေးကြိမ်မြောက် တတိယဆု ရရှိခဲ့ခြင်းဖြစ်သလို နှစ်နှစ်ဆက် တတိယ ဆုကို ရယူခဲ့ခြင်းဖြစ်သည်။

MIU အသင်းသည်၂၀၁၅ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်များ၌ ကျင်းပခဲ့သော AFF Futsal Club Championship ပြိုင်ပွဲများတွင် တတိယဆု ရရှိခဲ့ဖူးပြီး ယခု စတုတ္ထ အကြိမ်မြောက်တွင်လည်း တတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly