လူ ၃၀ နီးပါး သေဆုံးတဲ့ ကမ္ဘောဒီးယား တိုက်ပြိုကျမှုမှာ လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

လူ ၃၀ နီးပါး သေဆုံးတဲ့ ကမ္ဘောဒီးယား တိုက်ပြိုကျမှုမှာ လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

ဖနွမ်းပင်၊ ဇွန် ၂၅ ။              ။ ကမ္ဘောဒီးယားနိုင်ငံမှာလူပေါင်း ၂၈ ဦး သေဆုံးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက တိုက်ပြိုကျမှုမှာ  အပျက်အစီးပုံအောက်ကနေ အသက်ရှင်လျက် လူနှစ်ဦးကို နှစ်ရက်အကြာ ဇွန် ၂၄ ရက်မှာ ကယ်တင်ဆွဲထုတ်နိုင်ခဲ့ပါတယ်။

ဇွန် ၂၃ ရက်က ဖြစ်ပွားတဲ့ အဲဒီ တိုက်ပြိုကျမှုမှာ အပျက်အစီးပုံအောက် အသက်ရှင်သူတွေ ရှိနေဦးမယ်လို့ မျှော်လင့်ချက်တွေ မှိန်ဖျော့လာချိန်မှာ ခုလို အသက်ရှင်လျက် လူနှစ်ဦးကို နှစ်ရက်အကြာမှ တွေ့ရှိကယ်ထုတ်နိုင်တာကြောင့် မျှော်လင့်ချက်တွေ ပြန်လည်ယှက်သန်းလာခဲ့ပါတယ်။

“ကယ်ဆယ်ရေးသမားတွေရဲ့ အသံတွေကို ကျွန်တော် ကြားရတယ်။ ကျွန်တော် လှမ်းအော် အကူအညီတောင်းမေယ့် ကျွန်တော်အသံကို ပထမ သူတို့ မကြားကြဘူး။”လို့ အသက်ရှင်လာသူနှှစ်ဦးအနက် တစ်ဦးက ပြောပါတယ်။

“ခုလို အသက်ရှင် လွတ်မြောက်လာတာဟာ ကျွန်တော် တော်တော်ကို ကံကောင်းလို့ပါပဲ။”လို့ ၎င်းက ပြောပါတယ်။

အပျက်အစီးတွေကြား သူတို့ဟာ ပိတ်မိနေခဲ့ပေမယ့် ဒဏ်ရာ ကြီးကြီးမားမား ရခဲ့တာမျိုး မရှိဘူးလို့ လွတ်မြောက်လာခဲ့သူ နှစ်ဦးစလုံးက ဆိုပါတယ်။ “ကျွန်တော့် ဘေးမှာ အလောင်းတစ်လောင်း ရှိနေတယ်။ ကျွန်တော် ရေအရမ်း ငတ်နေခဲ့တယ်။”လို့ လွတ်မြောက်လာသူ ဆစ်သာက ဆေးရုံကုတင်ပေါ်မှာ သူ့အကြောင်းကို ပြန်ပြောင်းပြောဆိုပါတယ်။

ပြိုကျတဲ့ ခုနစ်ထပ် အဆောက်အအုံဟာ တရုတ်ပိုင်ဖြစ်ပြီး စနေနေ့ အရုဏ်မတက်ခင်မှာ ပြိုကျတာဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ဆောင်နေဆဲအချိန်ဖြစ်တာကြောင့် အလုပ်သမားတွေ အိပ်ပျော်နေတဲ့ အချိန်မှာ ပြိုကျခဲ့တာပါ။

ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်မှာ သေဆုံးသူ ၂၈ ဦးနဲ့ ဒဏ်ရာရသူ ၂၆ ဦး ရှိတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် ထုတ်ပြန်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly