တနင်္သာရီတိုင်းအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ငါးသောင်းကျော် ထုတ်ချေးမည်

တနင်္သာရီတိုင်းအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ငါးသောင်းကျော် ထုတ်ချေးမည်
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

မြိတ်၊ ဇွန် (၂၅) ။         ။ တနင်္သာရီတိုင်း အတွင်း မြို့နယ်ပေါင်း ၅ မြို့နယ်အတွက် ယခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၅ သောင်းကျော် ထုတ်ချေးပေးသွားမည်ဟု မြိတ်မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ကော့သောင်းနှင့် ဘုတ်ပြင်း မြို့နယ် များတို့မှ တောင်သူပေါင်း ၅၅၀၀ ဦးနှင့် လယ်ယာမြေ ဧကပေါင်း ၃၇၈၄၈ အတွက် ချေးငွေ ကျပ်သိန်း ၅၆၇၇၂ ကို ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရသည်။

 “၂၀၁၇ ခုနှစ်က တောင်သူတွေကို ပုံစံ (၇) မိတ္တူနဲ့ ထုတ်ချေးပေးတာ ရှိပါတယ်။ ဒီနှစ်ကတော့ မူရင်း ပုံစံ (၇) နဲ့ ထုတ်ချေးပေးဖို့ ပြင်ဆင်လိုက်တဲ့ အခါမှာ ချေးငွေလာရောက် ထုတ်ယူတဲ့တောင်သူတွေ နည်းနည်း လျော့ကျသွားတာ မျိုးတော့ရှိလာတယ်”ဟု မြိတ်မြို့နယ်ဘဏ်ခွဲမှ မန်နေဂျာ ဦးယဉ်ဋ္ဌေးက ပြောသည်။

အဆိုပါ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေအတွက် ယခုနှစ်တွင် ပုံစံ (၇) မူဖြင့် ထုတ်ချေးရမည်ဟု သတ်မှတ်လိုက်သောကြောင့် ချေးငွေထုတ်ချေးသူ အရေအတွက်လျော့နည်း သွားကြောင်း သိရ သည်။ထို့အပြင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲဖြစ်ပြီး အတိုးနှုန်း ၈ရာခိုင်နှုန်း ဖြစ်ကြောင်း တစ်ဦးလျှင် ၁၀ ဧက အထိသာ ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

“ချေးငွေနဲ့ ပတ်သက်ပြီး အခက်အခဲကတော့ သိပ်မရှိပါဘူး။ နှစ်တိုင်း လာထုတ်တာတော့ အဆင်ပြေ ပါတယ်။ ဒါပေမယ့် တချို့ တောင်သူတွေကျတော့ လယ်မြေတွေများပြီးတော့ လုပ်လို့ အဆင်မပြေ သလို မျိုးစပါးတွေ ပျက်စီးသွားတာ မျိုးလည်း ကြုံရတာမျိုး ရှိတယ်”ဟု ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာမှ တောင်သူ ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါ ခရိုင် ၂ ခုမှ တောင်သူများသည် နှစ်စဉ် ချေးငွေများကို ပြန်ဆပ်ချိန်၌ နောက်ကျ ပေးသွင်း သူများလည်း ရှိနေသောကြောင့် ပြန်လည်ထုတ်ချေးကာလတွင် ကြန့်ကြာမှုများလည်း ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required