ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား

ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
လူဆိုတာကတော့ ဒေါသထွက်ရင် လုပ်သမျှအမှားပါတတ်တာပါပဲ။ မိဘတွေမှာလည်း ဒီလိုပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အနားမှာရှိတဲ့ ကလေးကို အော်ဟစ်ပြောဆိုလိုက်တယ်၊ ပြီးတော့လည်း ဘာမှမဟုတ်သလို မေ့သွားတာပါပဲ။ ပတ်ဝန်းကျင်ကတော့ ကရုဏာဒေါသလို့ အမည်တပ်ပေမယ့် ဆေးပညာအရတော့ ဒီလိုအပြုအမူက ကလေးတွေအတွက် တစ်ဘဝစာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။

ကလေးတွေဆိုတာ မသိနားမလည်သေးတဲ့အရွယ်ပါ။ ဒီတော့ အမှားလုပ်မိတာတွေ ရှိမယ်၊ လူကြီးတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိတာတွေ ရှိမယ်၊ ဒါတွေက ကလေးတစ်ယောက်ရဲ့ သဘာဝပဲလေ။ ဒါကို ကလေးမယူခင်ကတည်းက မိဘတွေအနေနဲ့ သိထားဖို့လိုပါတယ်။ ကိုယ်ကတော့ ဒေါသထွက်လို့ အော်ချင်တိုင်းအော်လိုက်ပါရဲ့။ အအော်ခံလိုက်ရတဲ့ ကလေးမှာက သေရာပါမယ့် စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့တာပါ။
ကလေးကိုအော်တတ်တဲ့ အကျင့် ဘယ်ကအစပြုလာတာလဲ။

များသောအားဖြင့် အလုပ်မှာ အဆင်မပြေတဲ့အခါ၊ ငွေရေးကြေးရေး ကျပ်တည်းတာ၊ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ အနားမှာ ရှိတဲ့ ကလေးတွေကို အော်ဟစ်တတ်တဲ့ အကျင့်က စတင်ဖြစ်လာပါတယ်။ နောက်တစ်ချက်က မသိနားမလည်သေးတဲ့ အရွယ်ဖြစ်တာကြောင့် အကြောင်းအမျိုးမျိုးနဲ့ မိဘကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတတ်တာပါ။ တမင်တကာရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ပေမဲ့ ကလေးသဘာဝ အဆော့မက်တာ၊ မိဘတွေကို ခင်တွယ်လွန်းတဲ့ စိတ်ကြောင့် လုပ်လိုက်မိတာက ပိုများပါတယ်။ အဲ့အခါ လူကြီးတွေလည်း သည်းမခံနိုင်တော့ ပေါက်ကွဲထွက်လာတော့တာပေါ့။
မိဘတွေ အော်ချင်တိုင်း အော်လိုက်လို့ ကလေးမှာ ဘာဖြစ်သွားမယ်ထင်လဲ။

တကယ်တော့ အော်လိုက်တယ်ဆိုတာ ကလေးကို ခဏလောက်ပဲ တိတ်အောင် လုပ်နိုင်တာပါ။ အမှားကို အမှန်ပြင်ပြီး ကလေးတွေကို လမ်းမှန်ရောက်စေတာမျိုးမဟုတ်ပါဘူး။ အတိုချုပ်ပြောရမယ်ဆိုရင် ကလေးကို အော်လိုက်လို့ မိဘကို ကြောက်သွားတာပဲရှိတာပါ၊ သူတို့ ဘာမှားခဲ့တာလဲ၊ ဒီအမှားကို ဘယ်လိုပြန်ပြင်ရမလဲဆိုတဲ့ နည်းလမ်းမှန်ကို သဘောပေါက်သွားတာ မဟုတ်ပါဘူး။

ကလေးတစ်ယောက်ကနေ နားလည်သိတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ မိဘတွေက အများကြီး သင်ပေးဖို့ လိုပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဖြစ်တဲ့ မိဘရဲ့ အပြုအမူတွေ အကုန်လုံးက သားသမီးတွေရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စိတ်ခံစားချက်၊ လူမှုရေး၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။ အဲ့တော့ ဘာလုပ်လုပ် အော်ဟစ်နေတဲ့ မိဘက ထိန်းလာတဲ့ ကလေးတွေကြီးလာရင် အဲ့မိဘတွေလိုပဲ အော်ဟစ်ကြိမ်းမောင်းပြီး လူတိုင်းကို ပြဿနာရှာနေမှာပါ။ အော်ဟစ်သံတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးမှာ စိတ်ဒဏ်ရာတွေကျန်နေပြီး စိတ်ကျရောဂါ၊ စိတ်အတက်အကျမြန်ရောဂါတွေ ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ အထီးကျန်စိတ်တွေ အမြဲဝင်ပြီး မိသားစုနဲ့လည်း စိတ်ချင်းဝေးသွားနိုင်ပါတယ်။
ကလေးကိုအော်ဟစ်ဆူပူတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ကြမလဲ။

ကလေးဆိုတာ မသိနားမလည်တာ မှန်ပေမယ့် မိဘတွေ သေသေချာချာ ရှင်းပြပြီး သင်ပေးရင် နားလည်လွယ်၊ တတ်လွယ်တဲ့ အရာပါ။ အဲ့လိုစိတ်ရှည်ရှည်နဲ့ လုပ်ပေးလိုက်လို့ မိဘတွေအတွက်လည်း ဘာမှအကျိုးမယုတ်ပါဘူး။ ဒီတော့ အော်ဟစ်သံတွေ နည်းပြီး အေးချမ်းတဲ့ အိမ်ကမ္ဘာလည်း ဖြစ်စေဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။
၁။ ကိုယ့်စိတ်ကို တတ်နိုင်သလောက်ထိန်းပါ။

ကိုယ်က လူကြီးတစ်ယောက်၊ သက်တူရွယ်တူနဲ့ စကားပြောနေတာမဟုတ်ပါဘူး။ အရွယ်ငယ်သေးတဲ့ ကလေးနဲ့ စကားပြောနေတာပါ။ ဘာမှလည်း သေချာနားလည်ထားတာမရှိဘဲ မိဘတွေအပေါ်မှာ သံယောဇဉ်တွယ်နေတဲ့ ကလေးတစ်ယောက်ကို အော်ချင်တိုင်း အော်လိုက်လို့ နှစ်ဖက်လုံးအကျိုးမရှိပါဘူး။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဆိုးဒေါသထွက်လာပြီလို့ သိလိုက်တာနဲ့ အရင်ဆုံး ကိုယ့်ဒေါသကို ချုပ်ထိန်းပါ။ ထိုင်နေတဲ့နေရာကနေ ခဏလောက်ထသွားပြီး တစ်ယောက်တည်းနေပါ။ မျက်လုံးကို ခဏလောက်မှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်ပါ။ စိတ်က ပြန်တည်ငြိမ်ပြီဆိုမှ စကားပြောပါ။
၂။ အမှားတွေ၊ ပြဿနာတွေကို သေချာပြပါ။

ကလေးက အမှားတစ်ခုလုပ်မိတယ်မလား၊ ကိုယ်က အသက်ပိုကြီးတဲ့ မိဘနေရာမှာ ရောက်နေပြီဆိုရင် ကလေးဘာမှားလဲဆိုတာကို အရင်ပြောပြဖို့ လိုပါတယ်။ ဒီအမှားလုပ်မိတဲ့ အရာကို စိတ်အေးအေးထားပြီး ဖြေရှင်းခြင်းက ကလေးတွေကို နောက်ထပ် အမှားမလုပ်မိစေဖို့၊ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းတတ်စေဖို့ လမ်းပြပေးလိုက်တာပါပဲ။
၃။ လိုအပ်ရင် ဆုံးမပါ။

ဆုံးမတဲ့နေရာမှာ ရိုက်ဖို့၊ အော်ဖို့မလိုပါဘူး။ ကျွန်တော်တို့နိုင်ငံမှာက ရိုက်ပြီး ဆုံးမမှ၊ အိမ်ဆူအောင် အော်လိုက်မှ ကလေးက လိမ္မာတယ်လို့ ထင်နေကြပါတယ်။ တက်တက်စင်အောင် လွဲတဲ့ အမှားတစ်ခုပါပဲ။ ကိုယ်တိုင်တောင် အော်ခံရတာ မကြိုက်ရင် စိတ်နုနယ်သေးတဲ့ ကလေးတွေမှာ ပိုပြီးတောင် စိတ်ဒဏ်ရာဖြစ်တတ်ပါတယ်။ ဒီတော့ အမှားလုပ်မိတဲ့ ကလေးကို သေချာဆုံးမပါ။ အမှားကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အကြံပေးပါ။ ရွေးချယ်မှု ပေးပါ။
၄။ အမှားအတွက် တာဝန်ယူတတ်အောင် သင်ပေးပါ။

ကလေးက အမှားတစ်ခုလုပ်လိုုက်တဲ့အခါ အော်ဟစ်နေတာမျိုးထက် သူလုပ်မိလိုက်တဲ့အရာကြောင့် တခြားသူတွေမှာ ဘာပြဿနာတွေ ဖြစ်သွားလဲဆိုတာ သိအောင် ပြောပြပေးပါ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ ကလေးဆိုတာ မသိနားမလည်တတ်တဲ့ အရွယ်ပေမယ့် သေချာရှင်းပြပေးမယ်ဆိုရင်တော့ ကိုယ်လုပ်မိတဲ့ အမှားကို ကိုယ်နားလည်လာနိုင်ပါတယ်။ ကြောက်သွားအောင် အော်ဟစ်ဆူပူလိုက်တာမျိုးထက် ကိုယ့်အမှားကို တာဝန်ယူတတ်အောင်၊ နောက်ထပ်မမှားအောင် သင်ပေးတတ်ဖို့ လိုပါတယ်။

မိဘတွေအနေနဲ့ဒီအချက်လေးတွေ သေချာလုပ်ကြည့်ပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးတစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကလေးတွေကိုလည်း အရမ်းမအော်နဲ့တော့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Mizzima Weekly