လက်သည်းကြီးတွေ ခုံးပြီးဖောင်းနေတာ ဘာ့ကြောင့်လဲ

လက်သည်းကြီးတွေ ခုံးပြီးဖောင်းနေတာ ဘာ့ကြောင့်လဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ပုံမှန်ဆို လက်သည်း တွေက ရေပြင်ညီအတိုင်း ပြေပြေလေးပဲရှိနေရမှာပါ။ ဒါပေမယ့် လက်သည်းတွေ ခုံးပြီး ဖောင်းနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ပြဿနာတစ်ခုခုဖြစ်နေပါပြီ။ ဒီတော့ ဆေးပညာအရ clubbing လို့ခေါ်တဲ့ ဒီလက်သည်းခုံးတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။
ပုံမှန်မဟုတ်တဲ့ လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

လက်သည်းခုံးခြင်း clubbing ကိုဖြစ်စေတဲ ့အကြောင်းအရင်းအများကြီးရှိပါတယ်။ ဆက်ကြည့်လိုက်ရအောင်။

လက်သည်းခုံးခြင်းကို primary နဲ့ secondary ဆိုပြီး ၂ မျိုးခွဲခြားလို့ရပါတယ်။ primary ဆိုတာ လက်သည်းကိုယ်တိုင်က ဖြစ်တာကို ပြောတာဖြစ်ပြီး secondary ကတော့ အခြားကျန်းမာရေး အခြေအနေတွေကြောင့် လက်သည်းခုံးလာတာကို ပြောဖြစ်ပါတယ်။
Primary clubbing…

    မိသားစု မျိုးရိုးမှာကိုတည်းက ဒီလို လက်သည်းခုံးနေတဲ့ ပြဿနာရှိရင် အခြား ကျန်းမာရေးဘာပြဿနာမှ မရှိဘဲ လက်သည်းခုံးနေနိုင်ပါတယ်။

secondary clubbing…

အပေါ်မှာပြောထားတဲ့အတိုင်း ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဒီလို လက်သည်းခုံးရတယ်ဆိုတော့ ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်မလဲ။
အဆုတ် –

    အဆုတ်နဲ့ ပက်သက်ပြီး နာမည် အကြီးဆုံးကတော့ အဆုတ်ကင်ဆာပါ။ အဆုတ်ကင်ဆာဖြစ်နေတဲ့ လူနာ ၂၉ ရာခိုင်နှုန်းလောက်မှာ Clubbing ရှိတဲ့ အတွက် Clubbing ဟာ အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ အဆုတ်ကင်ဆာမှာဆို small cell lung cancer ထက်စာရင် non-small cell lung cancer သမားတွေ က ပိုဖြစ်နိုင်ပါတယ်။
    အဆုတ်ရောဂါတွေထဲက နောက်တစ်ခုဖြစ်တဲ့ bronchiectasis ( လေပြွန်တွေကျယ်နေပြီး အဆုတ်ပိုးဝင်ချွဲထတဲ့ပြဿနာ) ဟာလည်း လက်သည်းခုံးခြင်းကို ဖြစ်စေတဲ ့အကြောင်းအရာတွေထဲက တစ်ခုပါ။
    နောက်ပြီး အဆုတ်ပြည်တည်တာ၊ အဆုတ်တီဘီရောဂါဖြစ်တာနဲ့၊ အဆုတ်ခဲတဲ့ ပြဿနာတွေကလည်း clubbing ဖြစ်စေတဲ ့အကြောင်းအရင်းတွေထဲတစ်ခုပါ။

ကင်ဆာ

    အဆုတ်ကင်ဆာအပြင် လက်သည်းခုံးခြငး်ကိုဖြစ်စေတဲ့ နောက်ကင်ဆာတစ်ခုကတော့ Hodgkin’s lymphoma လို့ခေါ်တဲ့ သွေးကင်ဆာပဲ ဖြစ်ပါတယ်။

နှလုံး

    နှလုံးထဲမှာဆိုရင်တော့ မွေးရာပါ နှလုံးရောဂါဖြစ်တဲ့ tetralogy of Fallot လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် နှလုံးကောင်းကောင်းမညှစ်နိုင်တော့ဘဲ အောက်ဆီဂျင်ကောင်းကောင်းမရကာ ပြာနှမ်းလာတဲ့ ရောဂါတစ်ခုပါ။ tetralogy of Fallot ရဲ့ လက္ခဏာတွေထဲမှာ လက်သည်းခုံးတဲ့ ပြဿနာဟာလည်း တစ်ခုအပါအဝင်ပါ။

အစာအိမ်နှင့် အူလမ်းကြောင်း ။ ။

    Crohn’s disease နဲ့ ulcerative colitis.တို့လို အစာအိမ်အနာဖြစ်တဲ့ပြဿနာတွေ၊ အသည်းခြောက်တဲ့ပြဿနာတွေဟာလည်း လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲကတစ်ခုပါ။

Endocrine problems ( ဟော်မုန်းနဲ့ ဆိုင်တဲ့ပြဿနာ)

    Grave’s disease လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာမှာလည်း လက်သည်းခုံးခြင်းတွေ ရှိနေတတ်ပါတယ်။

Clubbing ရှိမရှိဘယ်လိုသိနိုင်သလဲ ။ ။

တစ်ချို့လက်သည်းတွေက မသိမသာခုံးနေတာမျိုးရှိတတ်တာကြောင့် ကိုယ့်မှာ clubbing ရှိမရှိသိချင်ရင် ဆေးခန်းမသွားခင် အရင်စမ်းကြည့်လို့ရပါတယ်။

    ပုံမှာပြထားတဲ့အတိုင်း ပုံမှန်လက်သည်းဆိုရင် အလယ်နားမှာ အပေါက်လေးရှိနေရပါမယ်။ clubbing ဖြစ်နေတဲ့ လက်သည်းမှာဆိုရင် ကြားထဲက အပေါက်ကလေးပျောက်နေတာ တွေ့ရပါလိမ့်မယ်။
    နောက်ပြီး ပုံမှန် လက်သည်း အောက်က အသားလေးတွေ ပြင်ညီအတိုင်းရှိရမှာကို clubbing သမားတွေရဲ့ လက်သည်းမှာကျ ဖောင်းနေတတ်ပါတယ်။

Clubbing ကို ဘယ်လိုကုသမလဲ ။

လက်သည်းခုံးတဲ့ ပြဿနာဟာ အခြားကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာဖြစ်တာများတဲ့အတွက် ဖြစ်နေတဲ့ကျန်းမာရေးပြဿနာကို ခြေရာခံပြီး ကုသလိုက်လို့ရှိရင် လက်သည်းခုံးတဲ့ ပြဿနာလည်း ပျောက်သွားမှာ ဖြစ်ပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly