မင်းဘူးတွင် ရှေးဟောင်းပစ္စည်း တရားမဝင်တူးဖော်သူ ၂ ဦးကို ရှေး/သုမှ တရားစွဲ

မင်းဘူးတွင် ရှေးဟောင်းပစ္စည်း တရားမဝင်တူးဖော်သူ ၂ ဦးကို ရှေး/သုမှ တရားစွဲ
ဓာတ်ပုံ-သက်မှူးအိမ်(မင်းဘူး)

မင်းဘူး၊ ဇွန် ၂၄ ။         ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် အလံပါယ်ကျေးရွာ ယာမြေတွင် ရှေးဟောင်းပစ္စည်းများကို တရားမဝင် တူးဖော်နေသူ ၂ ဦးအား ရှေးဟောင်းဝတ္တုပစ္စည်းကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ (၁၆)ဖြင့် မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တရားလိုပြုလုပ်ကာ ဇွန်၂၄ ရက်နေ့က မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

ဖြစ်စဉ်မှာ မင်းဘူး/စကုမြို့နယ် အလံပါယ်ကျေးရွာအုပ်စု အရှေ့တောင်ဘက် (၄)ဖာလုံအကွာ ဦးလှိုင်အေး၏ ကွင်းအမှတ်(၁၂၃၅)ယာမြေပေါ်တွင် ဇွန် ၂၄ ရက်၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနေ မြလွင် (၃၀)နှစ် ကျပန်းလုပ်ကိုင်သူနှင့် မင်းဘူးမြို့ ကြာကန်ကျေးရွာနေ ချစ်ဟန်(၄၅)နှစ် ကျပန်း လုပ်ကိုင်သူတို့အား ရှေးဟောင်းပစ္စည်းများ တူးဖော်ရှာဖွေလျှက် တွေ့ရှိရခြင်း ဖြစ်ကြောင်း မင်းဘူးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းက ပြောသည်။

ရှေးဟောင်းပစ္စည်းများ တူးဖော်ရှာဖွေသူ မြလွင်ထံမှ အရှည်(၄)ပေခန့် လုံးပတ်(၁)လက်မခန့် ရှိ သံတူရွင်းပြား (၁)ချောင်း၊  အရှည်(၄)ပေခန့် သစ်သားရိုးတပ် သံဂေါ်ပြား(၁)ခု၊ အရှည်(၃)ပေခန့် သစ်သားရိုးတပ် ပေါက်ပြား(၁)ခု၊ (၃)ဆင့် စတီးချိုင့်(၁)လုံးနှင့် ချစ်ဟန်လွယ်ထားသော လွယ်အိတ်အတွင်း လိုတရအမွေးတိုင် လိမ္မော်ရောင်အရည်များပါ အမွေးဆီ(၁)ဘူး၊ (၁၂)လက်မခန့်ရှိ သံဓါးဇီး(၁)ချောင်း ၊ Shayan 125 နီနက် ဆိုင်ကယ် တစ်စီး တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ ရှေးဟောင်းပစ္စည်းဟု ယူဆရသော အိုးခြမ်းပဲ့ အစိတ်အပိုင်း(၇)ခု တွေ့ရှိရသည်ဟု သိရသည်။

“ ဒီ အိုးခြမ်းပဲ့အစိတ်အပိုင်းတွေဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ေကျော်ခန့်က ရှေးဟောင်းမြေအိုးကွဲ အပိုင်းအစ ပစ္စည်းတွေ ဖြစ်နေတဲ့အပြင် ဒီပစ္စည်းတွေ တွေ့ရှိတဲ့မြေနေရာနဲ့ ဆက်စပ်မြေဧရိယာက ရှေးဟောင်းမြေနေရာ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ကျွန်တော်က ရှာဖွေပုံစံပြုလုပ်သိမ်းဆည်းပါတယ်။ ပြီးတော့ ရှေးဟောင်းဝတ္ထုပစ္စည်းကို မူလပုံစံ ပျက်ယွင်းစေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြေပေါ်မြေအောက် ရေပေါ်ရေအောက်မှ တူးဖော်ခြင်း ရှာဖွေခြင်းများပြုလုပ်သူ မြလွင်နဲ့ ချစ်ဟန်တို့ကို မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိဦးရဲလွင်က တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် ဒီနေ့ (ဇွန် ၂၄ ရက်) မင်းဘူးမြို့မရဲစခန်း (ပ) ၁၉၂/၂၀၁၉ ရှေးဟောင်းဝတ္တုပစ္စည်း ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ(၁၆)ဖြင့် အမှုဖွင့်လှစ်ပြီး ဒုရဲအုပ်သက်နိုင်ဦးက စစ်ဆေးဆောင်ရွက်လျှက် ရှိပါတယ်” ဟု ဒုရဲအုပ်ကျော်ငြိမ်းက ပြောသည်။

ယမန်နေ့ ဇွန် ၂၃ ရက်ကလည်းမင်းဘူး/စကုမြို့နယ် အလံပါယ်ကျေးရွာ ယာမြေများပေါ်တွင် တရားမဝင် ရှေးဟောင်း ပစ္စည်းများ တူးဖော်နေကြောင်း သတင်းရရှိ၍ ဒေသခံ ယာမြေပိုင်ရှင်များအား ခေါ်ယူအသိပညာပေးခဲ့ရကြောင်း မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောသည်။

“ အွန်လိုင်းမှာလည်း ဒီနယ်မြေက တူးဖော်ရတဲ့ ရှေးဟောင်းပစ္စည်းပုံတွေ အများအပြား တင်ထားတာ တွေ့ရပါတယ်။ ဒါရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်တွေပါ။ လက်ဝယ် ပိုင်ဆိုင်မထားသင့်ပါဘူး။ အရောင်းအဝယ်လုပ်လည်း တရားမဝင်ပါဘူး။ ဒါကြောင့် ဒီရှေးဟောင်းအမွေနစ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကနေတဆင့် ဒါမှမဟုတ် မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနကို သွားရောက်အပ်စေချင်ပါတယ်။ နိင်ငံတော်က ရှေးဟောင်းပစ္စည်းသက်တမ်းအတိုင်း ကာလတန်ဖိုးအပြင် ဆုငွေပေးပါတယ်။ လက်ဝယ်တွေ့လို့ရှိရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမှာပါ” ဟု ဦးသိန်းဇော်ကံက ပြောသည်။

ရှေးဟောင်းဝတ္ထုပစ္စည်း ဆိုသည်မှာ မြေပေါ်တွင်ဖြစ်စေ၊ မြေအောက် တွင် ဖြစ်စေ၊ ရေပေါ်တွင် ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁ဝဝ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် လူသားတို့ ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထု ပစ္စည်းများကို ဆိုလိုသည်။

ရှေးဟောင်းဝတ္တုပစ္စည်း ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ အရ “ မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို မူလပုံစံပျက်ယွင်းစေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက် မရှိဘဲ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှ တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းသုံးဆယ်မှ အများဆုံး ကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် သက်သေခံ ရှေးဟောင်းဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရမည်” ဥပဒေတွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required