နေရပ်စွန့်ခွာသူများ ဘေးကင်းစွာ ပြန်လာရေး မြန်မာအစိုးရကတိကဝတ်ကို အာဆီယံ ထောက်ခံ

နေရပ်စွန့်ခွာသူများ ဘေးကင်းစွာ ပြန်လာရေး မြန်မာအစိုးရကတိကဝတ်ကို အာဆီယံ ထောက်ခံ
Photo - EPA

ရန်ကုန်၊ ဇွန် ၂၄ ။          ။ နေရပ်စွန့်ခွာသွားသူများ ဘေးကင်း၊ လုံခြုံ၊ သိက္ခာရှိစွာ ၎င်းတို့ သဘောဆန္ဒအလျောက် ပြန်လာမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်မည် ဆိုသည့် မြန်မာအစိုးရ၏ ကတိကဝတ်အပေါ် မိမိတို့ ဆက်လက် ထောက်ခံထားကြောင်း အာဆီယံအစည်းအဝေးဥက္ကဋ္ဌ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးအပြီး ဇွန် ၂၃ ရက်က ထုတ်ပြန်သော အချက် ၅၇ ချက်ပါ ကြေညာချက်တွင် ယင်းသို့ ထည့်သွင်းထားခြင်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်း အားလုံးအတွက် အထိရောက်နိုင်ဆုံးဖြင့် ဘေးကင်း၊ လုံခြံုံမှု ရှိစေမည် ဆိုသည်နှင့် နေရပ်စွန့်ခွာသွားသူများ ဘေးကင်း၊ လုံခြုံ၊ သိက္ခာရှိစွာ ၎င်းတို့ သဘောဆန္ဒအလျောက် ပြန်လာမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်မည် ဆိုသည့် မြန်မာအစိုးရ၏ ကတိကဝတ်အပေါ် မိမိတို့ ဆက်လက် ထောက်ခံထားကြောင်း ဖော်ပြလိုသည်။ ယင်းက အင်မတန် အရေးကြီးကြောင်းလည်း အလေးပေး ပြောလိုသည်” ဟု ပါရှိသည်။

အချက် ၂ ချက်ပါ ဖော်ပြချက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်လက်ပြီး ထိရောက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန်၊ မြန်မာအစိုးရ၊ ကုလသမ္မ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့အကြား ချုပ်ဆိုထားသည့် MOU ကို အပြည့်အဝ  အကောင်အထည် ဖော်မှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ နောက်ဆုံံးအစီရင်ခံစာတွင် ကျန်ရှိနေသေးသည့် အကြံပြုချက်များကို ဆက်လက်အကောင်ထည်ဖော်ရန်၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များ၊ ယင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ခံမှုများ ရှိစေရန် အာဆီယံမှ မျှော်လင့်ကြောင်း ပါရှိသည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တင်သွင်းခဲ့သော ရခိုင်ပြည်နယ်အရေး ကနဦး အစီရင်ခံစာအချက်များကိုလည်း အာဆီယံအတွင်းရေးမှူးချုပ်မှ အတည်ပြု သဘောတူခဲ့သည်။

ဇွန် ၂၂ မှ ၂၃ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် အင်ဒိုပစိဖိတ်အရေး၊ တောင်တရုတ်ပင်လယ်ရေး၊ ဒေသတွင်းကုန်သွယ်မှုများအပါအဝင် ရခိုင်အရေးတို့ကိုပါ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို အပြည့်အဝ ထောက်ခံထားပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှင့် လူသားချင်းစာနာမှုအကူညီများပေးရန် အာဆီယံခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ပါ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရဲစခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီသိန်းဂဏန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ခြင်းအပေါ် မြန်မာအစိုးရအား ပြစ်တင်ရှုတ်ချမှုများ ရှိခဲ့ကြသော်လည်း ဖြေရှင်းရေး လုပ်ဆောင်ရန်ကြိုးပမ်းနေသည့် မြန်မာအစိုးရအား အာဆီယံက အပြည့်အဝ ထောက်ခံခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား နှစ်နှစ်နိုင်ငံကြား ချုပ်ဆိုထားသော သဘောတူညီမှုအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မြန်မာဘက်မှ လက်ခံရမည် ဖြစ်သော်လည်း ယနေ့ထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တစ်ယောက်မှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly