သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ပါက ရာထူးမှ နုတ်ထွက်ရန် ပြောဆိုနေမှုများအပေါ် UEC ဖြေရှင်း

သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ပါက ရာထူးမှ နုတ်ထွက်ရန် ပြောဆိုနေမှုများအပေါ် UEC ဖြေရှင်း
ရွေးကောက်ပွဲကော်မရှင်မှ ဦးလှသိန်းက ရွေးကောက်ပွဲနှင့်ပတ်သက်သည်များအား ၂၀၁၇  ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၂ ရက်က ပြောဆိုဆွေးနွေးနေစဉ်။ ဓာတ်ပုံ-EPA

ရန်ကုန်၊ ဇူလိုင် ၂၄ ။          ။ သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်မည်ဆိုပါက လက်ရှိရာထူးမှ နုတ်ထွက်ရန် ပြောဆိုနေမှု များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးမြင့်နိုင်က ဖြေရှင်းပြောဆိုခဲ့သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  သမ္မတနှင့်ဝန်ကြီးရာထူးယူထားသူများသည် လက်ရှိရာထူး မှနုတ်ထွက်စရာမလိုဘဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးမြင့်နိုင်ကထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါရာထူးရယူထားသူများသည် အစိုးရအဖွဲ့ဥပဒေပုဒ်မ ၇(ခ) တွင် ပြ႒ာန်းထားသော ဥပဒေအရ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု သိရသည်။

“ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကြေညာလိုက်တယ်ဆိုတာနဲ့ တပြိုင်နက်ထဲ ကြေညာ တဲ့ နေ့ကနေစပြီးတော့ သူတို့တွေသည် ပါတီစည်းရုံး ရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရသွားပါပြီ” ဟု ဦးမြင့်နိုင်ကပြောသည်။

လက်ရှိတွင် အဆိုပါပုဂ္ဂိုလ်များသည် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရာထူးမှနုတ်ထွက်ရမည်ဟု ပြောဆိုချက်များနှင့်ပက်သက်၍ ဦးမြင့်နိုင်ကပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီမှ သမ္မတနှင့် ဝန်ကြီးတာဝန်ရယူထားသူများသည် ရာထူးမှမနုတ်ထွက်ဘဲ မဲဆွယ်မည် ဆိုပါက အခြားပါတီများထက် အားသာနိုင်သည်ဟု ပြိုင်ဘက်ပါတီအချို့မှ ဝေဖန်မှုများ ထွက်ပေါ် နေခြင်းလည်းဖြစ်သည်။

 “တချို့ကဝန်ကြီးတွေကနေနုတ်ထွက်ပြီးမှ ဝင်ရပါတယ်တဲ့။ ဥပမာ ဦးတင်နိုင်သိန်းတို့ ဦးသန်းဌေးတို့ အဲ့သလိုပြောလာပါတယ်။ အဲ့တာဟာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက်နုတ်ထွက်တာမဟုတ်ဘူး။ ဟိုမှာ ပါတီတာဝန်သွားထမ်းဆောင်ဖို့ရှိလာလို့မို့  ဒီကနုတ်ထွက်ပြီး ပါတီတာဝန်သွားထမ်းဆောင်တာ။ ပါတီတာဝန်နဲ့ ဒီဟာကျတော့ဝန်ကြီးက တပြိုင်ထဲလုပ်လို့မရဘူးလေ။ အဲ့တာတွေလည်း ရှင်းပြပြီး သားဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

ထို့အပြင် ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း သမ္မတနှင့် ဝန်ကြီးတာဝန် ထမ်းဆောင်ထားသူများသည် ပါတီနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ကော်မရှင်မှကိုယ်စားလှယ်အဖြစ်ကြေညာ၍ မဲဆွယ်စည်းရုံးသည့်နေ့အရောက်တွင် အခြားကိုယ်စားလှယ်များကဲ့သို့ပင် ငွေကျပ်သိန်း ၁၀၀ အထိအသုံးပြုကာ စည်းရုံးမှုများကို စတင်လုပ်ဆောင်နိုင်ပြီဟုလည်း UEC မှသိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် သတ်မှတ်ချက်ဘောင်အတွင်းမှနေ၍ NLD ပါတီ ကိုယ်စား လှယ်အနေဖြင့် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုယ်တိုင် မဲဆွယ်သွားရန်ရှိသည်ဟုလည်းသိရသည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကိစ္စရပ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၃၁/၂၀၁၅ ကြေညာချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး  တစ်စုံတရာ အရေးယူဆောင်ရွက်မှုများရှိလာပါက ဥပဒေအရ ပြန်လည်ခုခံသွားမည်ဖြစ်ကြောင်းလည်း NLD ဘက်မှလည်းထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတာဝန်ယူထားသူများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်  ရာထူးခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါ ဝင်ဆောင်ရွက်ခြင်းမပြုရဟု လည်းပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly