အင်းစိန်ထောင်ရှိ ထောင်ဝင်စာ ဧည့်တွေ့ခန်းနှင့် ဧည့်သည်နားနေဆောင်ကို အဆင့်မြှင့်တင်

အင်းစိန်ထောင်ရှိ ထောင်ဝင်စာ ဧည့်တွေ့ခန်းနှင့် ဧည့်သည်နားနေဆောင်ကို အဆင့်မြှင့်တင်
Photo - ICRC

ဇွန်လ ၂၄ ။             ။ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ ထောင်ဝင်စာဧည့်တွေ့ခန်းများနှင့် ထောင်ဝင်စာဧည့်သည် နားနေဆောင် ကို အကျဉ်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ  (ICRC) တို့ ပူးပေါင်းအဆင့်မြှင့်တင်ခဲ့ကြောင်း ICRC မှ ပြန်ကြားဆက်သွယ်ရေးအရာရှိ ဖြစ်သူ ဦးဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

"အင်းစိန်အကျဉ်းထောင်အတွင်းမှာ အကြီးအကျယ်ကြီးလုပ်တာ ပထမဆုံးအကြိမ်ပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ အကျဉ်းထောင်တွေကိုလည်း လုပ်နေပါတယ်။ အင်းစိန်အကျဉ်းထောင် မှာလည်းပထမဆုံးအကြိမ်ပါပဲ။ အဓိက ICRC က ကူညီချင်တယ်ဆိုလည်း ဒီအတိုင်းကြီးကူညီလို့မရပါဘူး။ အကျဉ်းဦးစီးဌာန နဲ့ ညှိနှိုင်းရပါတယ်။ နောက်တစ်ခုက လေ့လာဆန်းစစ်ရတာတွေလည်း အများကြီးရှိပါတယ်။ အဲတော့ အထက်ပိုင်းကတော့ အဲလိုမျိုးလုပ်နေတာတွေ ရှိပါတယ်။ ICRC က အမေရိကန်ဒေါ်လာ  ၃၅၀၀၀၀ အကုန်ကျခံပါတယ်။ နည်းပညာတွေ လည်းကူညီပေးပါတယ်။ ဆောက်တာတော့ ၂၀၁၈ ခုနှစ် ဇူလိုင် လက စပြီး အကျဉ်းဦးစီးဌာန နဲ့ပူးပေါင်းပြီး တည်ဆောက်ဖြစ်တာပါ " ဟု  ဦးဇော်ဝင်း က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း ရှိ အသစ်ဆောက်လုပ်ထားသည့် ထောင်ဝင်စာဧည်တွေ့ခန်းအသစ်များသည်  လေကောင်းလေသန့် ပိုမိုရရှိနိုင်ပြီး သီးသန့်တွေ့ဆုံနိုင်ရေး လုပ်ဆောင်ထားခြင်း ဖြစ်သည့်အပြင်  အကျဉ်းသားများ ၏ မိသားစုဝင်များ ပိုမိုသက်တောင့်သက်သာ ရှိစေမည့် ပတ်ဝန်းကျင် ဖြစ်စေရန်အတွက် မီးချောင်း အသစ်များ ၊ အိမ်သာအသစ်များ ၊ ကော်ဖီဆိုင် နှင့် ကလေးကစားကွင်းတို့ပါ  ထည့်သွင်းဆောက်လုပ်ပေးထားကြောင်း သိရသည်။

"ကမ္ဘာတစ်ဝှမ်းမှပြုလုပ်ထားတဲ့လေ့လာဆန်းစစ်ချက်တွေအရ လွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းခံရတဲ့ လူတစ်ယောက်အတွက် အရေးအကြီးဆုံး အရာက မိသားစုဆွေမျိုးတွေနဲ့ ဆက်သွယ်မှု ဆက်လက် တည်တံ့နေဖို့ဖြစ်ပါတယ်။ ဒီလိုတိုးတက်မှုတွေက ထောင်ချီတဲ့ မိသားစုတွေအတွက် အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အများကြီးဝမ်းသာပါတယ် " ဟု ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနနကိုယ်စားလှယ် ဖြစ်သူ Mr.Stephan Sakalian  က ဇွန်လ ၂၃ ရက်နေ့ က ပြုလုပ်ခဲ့သည့်  ထောင်ဝင်စာ ဧည့်သည်နားနေဆောင် နှင့် ထောင်ဝင်စာဧည့်တွေ့ခန်းများ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ဝင်စာ ဧည့်သည်တွေ့ရန်အတွက် မိသားစု ၉၀၀ ခန့်သည် အကျဉ်းသား နှင့်  ထိန်းသိမ်းခံရသူ ၆၀၀ ခန့် ကို နေစဉ်လာရောက်တွေ့ဆုံလျက် ရှိကြောင်း ICRC ၏ သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ICRC အနေဖြင့် အခြားသော အကျဉ်းဌာနများ အဆင့်မြင့်တင်ရန်အတွက် အကျဉ်းဦးစီးဌာန နှင့်  ညှိနှိုင်းမှုများ ဆက်လက်လုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required