‘ကိုပါအမေရိကပြိုင်ပွဲက အခုမှ စတာပါ’ - မက်ဆီ

‘ကိုပါအမေရိကပြိုင်ပွဲက အခုမှ စတာပါ’ - မက်ဆီ
Photo: EPA

အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီက ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကာတာအသင်းကို (၂-၀)နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီးနောက် ပြိုင်ပွဲဟာ အခုမှ စတာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

မာတီနက်ဇ်နဲ့ အဂူရိုတို့က အာဂျင်တီးနားအတွက် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့အပြီးမှာ သူတို့ဟာ အုပ်စု (ခ) ရဲ့  အောက်ဆုံးကနေ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး လာမယ့် ဇွန် (၂၈)ရက်၊ သောကြာနေ့ ရီယိုရဲ့ မာယာကာနာကွင်းမှာ ဗင်နီဇွဲလားအသင်းနဲ့ ကွာတားဖိုင်နယ်ကစားရတော့မှာဖြစ်ပါတယ်။

"အရေးကြီးဆုံးအရာက ကိုပါဖလားပြိုင်ပွဲမှာ နိုင်ပွဲတွေ ဆက်ပြီး ရယူသွားပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ ကျနော်တို့ကို ခွန်အားတွေ ပေးခဲ့ပြီး အသင်းတစ်သင်းအဖြစ် ကြီးထွားလာအောင် လုပ်ပေးခဲ့ပါတယ်။"လို့ တနင်္လာနေ့က အသက် (၃၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ မက်ဆီက ပြောပါတယ်။

မက်ဆီက သူတို့ဟာ ကာတာအသင်းကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယုံကြည်မှုတွေ ပြန်လည်ရရှိလာခဲ့ပြီး အသင်းအောင်မြင်မှုရရှိဖို့ ကွင်းအတွင်း အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

"ဒါက ကျနော်တို့အတွက် အရေးကြီးတဲ့ တွန်းအားတစ်ရပ်ဖြစ်တယ်။ အခုဆိုရင် ကျနော်တို့ ယုံကြည်မှု ပြန်လည်ရရှိခဲ့ပြီး ပြိုင်ပွဲက အခုမှ စတာပါ။ ကျနော့်အနေနဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။"လို့ သူက ပြောပါတယ်။

အာဂျင်တီးနားအသင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ (၅)ကြိမ်မှာ ဗိုလ်လုပွဲကို (၄)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း (၄)ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly