မကွေးတွင် စျေးကွက်ဝင် မှိုစိုက်ပျိုးသူများ စျေးကောင်းရနေ

မကွေးတွင် စျေးကွက်ဝင် မှိုစိုက်ပျိုးသူများ စျေးကောင်းရနေ

မကွေး၊ ဇွန် ၂၃ ။            ။ မကွေးတွင် စျေးကွက်ဝင် မှိုစျေးနှုန်း မြင့်တက်နေပြီး မှိုစိုက်ပျိုးကြသူများ စျေးကောင်းရ၍ ယခင်နှစ်ကထက် နှစ်ဆ ပိုအမြတ်ရကြောင်း မှိုစိုက်ပျိုးသူများထံမှ သိရသည်။

“ ဒီနှစ် အပူရှိန်မြင့်တက်နေတော့ မှိုက်စိုက်ပျိုးသူတွေ နည်းသွားပြီး မှိုထွက်နှုန်းနည်းတော့ မှိုစျေးတက်တာပေါ့။ အရင်နှစ်တွေက မှို တစ်ပိသာကို ကျပ် ၄၀၀၀ ပဲ ရှိတယ်။ ဒီနှစ်ကတော့ တစ်ပိသာ ကျပ် ၈၀၀၀ အထိ ဖြစ်သွားတယ်” ဟု မကွေးမြို့ မှိုကမ္ဘာကောက်ရိုးမှို စိုက်ပျိုးရေးပိုင်ရှင် ဒေါ်ချိုမာက ပြောသည်။

ယခု မိုးရာသီရောက်ရှိလာပြီး မှိုစိုက်ပျိုးသူ များပြားလာသော်လည်း လက်ကားစျေးအဖြစ် မှို တစ်ပိသာလျှင် ကျပ် ၆၀၀၀ ခန့် ရောင်းရပြီး လက်လီမှာမူ ကျပ် ၈၀၀၀ မှ ၁၀၀၀၀ အထိ ရောင်းချရကြောင်း ဒေါ်ချိုမာက ဆိုသည်။

မှိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရန် တစ်ကျင်းလျှင် ကျပ် ၁၀၀၀၀ ခန့် ကုန်ကျပြီး မှိုပြန်ရောင်းပါက တစ်ကျင်းလျှင် ၆၀၀၀၀ ကျပ်အထိ ရနိုင်ကြောင်း သိရသည်။

စျေးကွက်ဝင် ကောက်ရိုးမှို စိုက်ပျိုးရန် လိုအပ်သောပစ္စည်းများမှာ ဂျပ်စက္ကူ ၁၃ ပိသာ၊ ခြသတ်ဆေး ၂ ထုပ်၊ မှိုမျိုး ၅ ထုပ်၊ မှိုဟော်မုန်းအားဆေး ၅ ထုပ်၊ အနံကြီးပလပ်စတစ် ၅ ကိုက်။ နွားချေး ၁၃ တင်းခန့် လိုအပ်ပြီး စိုက်ပျိုးမည့်နေရာတွင် မှို တစ်ကျင်းစာ အလျား(၇)တောင် အနံ(၃)တောင်ရှိ မြေလိုအပ်ကြောင်း မှိုစိုက်ပျိုးသူ မကွေးမြို့နေ ဦးတင်ဝမ်းထံမှ သိရသည်။

“ စျေးကွက်ဝင် ကောက်ရိုးမှိုကို နည်းစနစ်ကျကျ စိုက်ပျိုးတတ်ဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စိုက်ပျိုးမဲ့နေရာမှာ အလျား(၇)တောင် အနံ(၃)တောင် မျဉ်းဆွဲပါ။ မျဉ်းအပြင်မှ (၃)လက်မအကျယ် (၂)လက်မ အနက် ဘေးမြောင်း ပတ်တူးပါ။ မှိုစိုက်ခါနီးရင် ဂျပ်စက္ကူ (၁၀)ပိသာကို တစ်ညအိပ် ရေစိမ်ပါ။ ရေစိမ်ပြီး ဂျပ်စက္ကူတွေကို လက်ဝါးအရွယ်ခန့် ဆုပ်ဖြဲထားပြီး မှိုမျိုး ၅ ထုပ်ကို အခဲမကျန်အောင် ခြေမွထားရပါတယ်” ဟု ဦးတင်ဝမ်းက ရှင်းပြသည်။

ထို့နောက် စျေးကွက်ဝင် ကောက်ရိုးမှို စိုက်ပျိုးရန်အတွက် ခြသတ်ဆေး ၁ ထုပ်အား ဘောင်မျက်နာပြင်ပေါ်သို့ ဖြူးပြီး ၁ ထုပ်အား ဘေးမြောင်းထဲသို့ ဖြူးရကာ ၎င်းအပေါ်မှ နွားချေးအစို/အခြောက် ၇ တင်း ဖြန့်ခင်းရကြောင်း၊ နွားချေးခြောက်လျှင် ရေများများ လောင်းပေးပြီး ၎င်းနွားချေးများပေါ်တွင် မြောင်းနှုတ်ခမ်းအစပ်မှ ၃ လက်မ ခန့် ခွာပြီး ရေစိမ်ဆုပ်ဖြဲထားသော ဂျပ်စက္ကူများကို နေရာအနှံ့ ဖြန့်ခင်း၍ ချေမွထားသော မှိုမျိုး ၅ ထုပ်ကို ဂျပ်စက္ကူပေါ်နှင့် ဘေးနှုတ်ခမ်းသားနွားချေးပေါ်တွင် နေရာအနှံ့ အထူအပါးညီစွာကျဲရပြီး ဂျပ်စက္ကူနှင့်မှိုများ မမြင်ရသည့်အထိ နွားချေးပါးပါး ၃ တင်းခန့် ဖြူးပြီး အုပ်ပြီးနောက် ရေဆယ်ဝင်ပုံး ၇ ပုံး လောင်းကာ နောက်ဆုံး ပုံးတွင် အားဆေး ၂ ထုပ်ကို ဖျော်၍ ရေပန်းကရားဖြင့် ဖြန်းရမည်ဟု သိရသည်။

“ စျေးကွက်ဝင် ကောက်ရိုးမှိုကို နည်းစနစ်ကျ စိုက်ပျိုးပြီးရင် မှိုဘောင်မျက်နာပြင်မှ အမြင့်(၁ပေခွဲ) (၁)တောင် ထားပြီး မှိုပုံပေါ်ကနေ ခေါင်တန်း/ပေါင်မိုးကိုင်း ပြုလုပ်ရပါတယ်။ အဲဒီအပေါ်မှာ ပလတ်စတစ် အုပ်ရပါတယ်။ ပလတ်စတစ်အပေါ်မှာ သက်ကယ် ဒါမှမဟုတ် ကောက်ရိုး ဒါမှမဟုတ် ဖျာကြမ်း ကာအုပ်ရပါတယ်။ ဒီလို လုပ်ရတာက အလင်းရောင်/နေရောင် တိုက်ရိုက်မကျရအောင် လုပ်ရတာပါ။ စတင်စိုက်တဲ့နေ့မှ ၇ ရက်မြောက် နေ့မှာ မှိုသန္ဓေစေ့ ဆန်ကွဲပုံစံ မှိုမျက်နာပြင်တစ်ပြင်လုံး မြင်ရပါမယ်” ဟု ဦးတင်ဝမ်းက ရှင်းပြသည်။

မှိုပျိုးသည့်နေမှ (၁ဝရက်၊ ၁၁)ရက်မြောက်သောနေ့တွင် ခူးနိင်သည့် မှိုဥများထွက်ရှိလာပြီး ပထမအကြိမ် ထွက်လာသောမှိုများကို ခူးပြီး ကုန်ပါက မှိုပုံရေခြောက်လျှင် မှိုပုံအတွင်း ဘေးမြောင်းထဲသို့ ရေသွင်းပေးရပြီး မှိုပုံအမိုးအပေါ်မှ မိုးရွာသကဲ့သို့ ရေဖြန်းပေးရကာ အပူပြင်းပါက တစ်နေ့ ၃ ကြိမ်ရေလောင်းရကြောင်း၊ ထိုကဲ့သို့  ပြုလုပ်ပြီးပါက မှိုများထပ်ထွက်လာကြောင်း၊ ဒုတိယမှို ခူးပြီးပါက ရေခြောက်လျှင် ရေဖြန်းရပြီး တတိယမှို ထပ်ထွက်လာမည်ဖြစ်ကာ မှိုပုံသက်တမ်း စတင်စိုက်ပျိုးသည်မှ တစ်လအတွင်း မှို ၈ ပိသာမှ ၁၀ ပိသာအထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

မကွေးမြို့တွင် စျေးကွက်ဝင်မှိုစိုက်ပျိုးသည်မှာ ကောက်ရိုးမှိုနှင့် ငွေနှင်းမှို ဖြစ်ပြီး ငွေနှင်းမှိုမှာ ဆောင်းတွင်းသာ စိုက်ပျိုး၍ရကာ ကောက်ရိုးမှိုမှာ နှစ်ပတ်လည် စိုက်ပျိုး၍ ရကြောင်း၊ စားသုံးသူများက ကောက်ရိုးမှိုအား ပို၍ နှစ်သက်စားသုံးကြောင်း မှိုစိုက်ပျိုးသူများထံမှ သိရသည်။

စျေးကွက်ဝင် မှိုစိုက်ပျိုးရာတွင် မှို တစ်ကျင်းလျှင် မြေအကျယ်အနည်းငယ်သာ လိုအပ်သဖြင့် မိမိတို့ နေအိမ်ဝိုင်း ထဲတွင် စိုက်ပျိုးနိင်ကြောင်း။ စိုက်ပျိုးချိန် ၁ နာရီခန့်သာ ကြာပြီး အရင်းအနှီး ကျပ် တစ်သောင်းခန့် ဖြစ်သဖြင့် အပိုဝင်ငွေရလိုသူများ စိုက်ပျိုးနိုင်သည်ဟု ဆိုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly