အုန်းလွဲလို့ စိတ်ညစ်နေပြီလား

အုန်းလွဲလို့ စိတ်ညစ်နေပြီလား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ခေါ်တာလှည့်တောင်မကြည့်ဘူး။ သွေးကြီးနေတယ်လို့ မပြောခင် ကိုယ့်သူငယ်ချင်း အုန်းများလွဲနေလား အရင်မေးဦးနော်။ တစ်ခါတလေ ကိုယ်ခေါ်တာကို လှည့်မကြည့်ဖြစ်တာက သူအလုပ်များနေလို့ဖြစ်နိုင်သလို ပါးစပ်ကထူးပြီး လှည့်မကြည့်တာက အုန်းလွဲနေလို့လည်းဖြစ်နိုင်ပါတယ်။ အုန်းလွဲနေတာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာတော့ တော်တော်လေးထိခိုက်စေသား။
အုန်းလွဲတယ်ဆိုတာ

အုန်းလွဲတာက မဖြစ်ဖူးတဲ့သူမရှိလောက်ပါဘူး။ ကွန်ပျူတာတစ်ချိန်လုံးကြည့်နေရတဲ့သူတွေ။ ဖုန်းတစ်ချိန်လုံး ကြည့်နေသူတွေက အချိန်အကြာကြီး တစ်ပုံစံတည်းနေတာကြောင့် ဇက်ကြောတွေ၊ ကြွက်သားတွေတောင့်တင်းပြီး ဦးခေါင်းကို ဘယ်ညာလှည့်ဖို့တော်တေ်ာလေးခက်သွားနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကွန်ပျူတာတွေနဲ့ အလုပ်လုပ် စမတ်ဖုန်းတွေနဲ့ အပန်းဖြေတာတွေကြောင့် ဦးခေါင်းနဲ့ လည်ပင်းတဝိုက်ကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပြီ းအုန်းလွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ဒါတွေကြောင့် အုန်းလွဲနိုင်ပါတယ်

အုန်းလွဲတာက အရွယ်သုံးပါးစလုံးဖြစ်နိုင်ပါတယ်။ သင်ကနေ့စဉ် ဒီအလုပ်တွေလုပ်နေမိပြီဆိုရင်တော့ အုန်းလွဲနိုင်ပါတယ်။

  •     ကွန်ပျူတာ တစ်ချိန်လုံးသုံးနေတယ်
  •     စမတ်ဖုန်းအချိန်ပြည့်သုံးနေတယ်
  •     ဂိမ်းဆော့တယ်
  •     ထိုင်တဲ့ပုံစံမမှန်ဘူး
  •     ခဏခဏအံကြိတ်တတ်တယ်
  •     စိတ်ဖိစီးမှုများတယ်
  •     အချိန်အကြာကြီး တစ်ပုံစံတည်းနေလေ့ရှိတယ်
  •     အဆစ်ရောင်ရောဂါရှိနေတယ်
  •     လည်ပင်းရိုးနဲ့ကျောရိုးမှာ ထိခိုက်မိတာရှိနေတယ်
  •     အိပ်စက်တဲ့ပုံစံမမှန်ဘူး
  •     ခေါင်းအုံးမာမာနဲ့ အိပ်တာ
  •     ခေါင်းအုံးမြင့်မြင့်နဲ့အိပ်တာတွေကြောင့် အုန်းလွဲတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်ရမလဲ

ခပ်ဖွဖွလေးနှိပ်ပေးပါ

အုန်းလွဲတဲ့အခါ ဇက်နဲ့ပခုံးကို လက်ချောင်းလေးတွေသုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။ အားပြင်းပြင်းနဲ့မနှိပ်ပါနဲ့နော်။ အကြောနဲ့ကြွက်သားတွေမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။ ကျွမ်းကျင်သူနဲ့နှိပ်ရင်ောတ့ အကောင်းဆုံးပါ။

သိပ်မလှုပ်ရှားပါနဲ့

အရမ်းနာနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ လည်ပင်းကို လှည့်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ လှုပ်ရှားမှုနည်းအောင်ဂရုစိုက်ပါ။

ရေခဲကပ်မယ်

နာနေတဲ့နေရာကို ရေခဲကို တဘက်လေးနဲ့ထုပ်လို့ ကပ်ပေးပါ။ စဖြစ်ချိန်ကနေ ၄၈ နာရီအတွင်းလုပ်ပေးနိုင်ရင်အကောင်းဆုံးပါနော်။၁၅ မိန်စလောက်ကပ်ပြီးတိုင်း ၅ မိနစ်လာက်နေပြီးမှ ထပ်တစ်ခါကပ်ပါ။

ရေနွေးအိတ်ကပ်ပါ

ကြွက်သားတွေနဲ့ အကြောအခြင်တွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်လေးနဲ့ နာနေတဲ့ နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅ မိနစ်စီလောက်ကပ်ပေးပါ။ တစ်ချိန်လုံးရေနွေးအိတ်ကပ်တာမျိုးမလုပ်ပါနဲ့။

ပုံစံမှန်မှန်ထိုင်ပေးပါ

ထိုင်တဲ့အခါ ခါးကို မတ်မတ်လေးထားပြီး ပခုံးတွေကိုပြေလျော့စေတဲ့ပုံစံမျိုးနဲ့ထိုင်ပါ။ ဒါမှ ဇက်ကြောနဲ့ ဇက်တဝိုက်ကကြွက်သာေးတွအပေါ်မှာ သက်ရောက်မှုတင်းအားတွေ လျော့ကျမှာပါ။

နားချိန်လေးပေးပါ

တစ်ချိန်လုံး ကွန်ပျူတာသုံးနေတာမျိုးမလုပ်ပါနဲ့။ ဖုန်းကိုလည်း တစ်ချိန်လုံးကြည့်မနေပါနဲ့။ မျက်လုံးနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သက်တောင့်သက်သာနဲ့ နားနားနေနေေနေဖို့ အချိန်လေးပေးပါ။

ရေနွေးနဲ့ရေချိုးပေးပါ

ရေနွေးနွေးလေးနဲ့ ရေချိုးတာက ကြွက်သားတွေကိုပြေလျော့စေနိုင်တာကြောင့် အုန်းလွဲနေတဲ့အခါ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။

အုန်းလွဲတာက၃ ရက်လောက်ကြာတဲ့အထိမသက်သာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးသောက်ကြည့်ဖို့ပြောပါရစေ။
ဘယ်လိုကာကွယ်မလဲ

ခံစားရခက်တဲ့ အုန်းလွဲတဲ့ပြဿနာကို ကာကွယ်လို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရုတ်ရက်အကြောတင်တာမျိုးတွေ၊ အုန်းလွဲတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ရာကို သက်တောင့်သက်သာရှိအောင်ပြင်ဆင်ပါ

အိပ်ရာက သက်တောင့်သက်သာမရှိတာ၊ ခေါင်းအုံးက မာတာ၊ မြင့်တာတွေကြောင့် အုန်းလွဲနိုင်တဲ့အတွက် အပ်စက်မယ့် အိပ်ရာကို သက်တောင့် သက်သာဖြစ်အောင်ပြင်ဆင်ပါ။

အကြောလျှော့ပါ

အလုပ်ခွက်က အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။ အညောင်းပြေအညာပြေလမ်းလျှောက်ပါ။ ခုံမှာထိုင်ရင်း ဦးခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောလျှော့တာမျိုးတွေလုပ်ပေးပါ။

သီချင်းနားထောင်ပါ

စိတ်ဖိစီးမှုကြောင့် အုန်းလွဲနိုင်တဲ့အတွက် အကြေတွေပြေလျော့ပြီး စိတ်ဖိစီးမှုကင်းနေစေဖို့  သီချင်းနားထောင်ပေးပါ။

တရားထိုင်ပါ

စိတ်ဖိစီးမှုများပြီး ကြွက်သားတွေတင်းတာမျိုးမဖြစ်စေဖို့အတွက် ဝင်သက်ထွက်သက်မှတ်ပြီး တရားထိုင်ပေးပါ။

ဒါတွေအပြင် ကွန်ပျူတာသုံးတဲ့အခါကိုယ်နေဟန်ထားမှန်အောင်နေမယ်၊ တစ်ချိန်လုံး ကွန်ပျူတာကနေ မခွာဘဲနေတာမျိုးကိုရှောင်မယ်။ ဖုန်းတစ်ချိန်လုံးသုံးတာမျိုးကို ဆင်ခြင်မယ်။ ဆိုရင် မာနကြီးတယ်၊လို့ ထင်ခံရနိုင်တဲ့ အုန်းလွဲတဲ့ပြဿနာကနေ ကင်းဝေးမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly