ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့ ကွာတားဖိုင်နယ် တက်လှမ်းခဲ့တဲ့ ကိုပါအမေရိက၊ နောက်တဆင့်အတွက် စောင့်ကြည့်ရဦးမယ့် ပီရူး

ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့ ကွာတားဖိုင်နယ် တက်လှမ်းခဲ့တဲ့ ကိုပါအမေရိက၊ နောက်တဆင့်အတွက် စောင့်ကြည့်ရဦးမယ့် ပီရူး
Photos: EPA

ဘရားဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကို အုပ်စု သုံးအုပ်စုခွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာတော့ အုပ်စု (က) ပွဲစဉ်တွေအပြီးမှာ ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့က နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ 

အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ဘရာဇီးလ်က ပီရူးကို (၅)ဂိုးပြတ်နဲ့ နိုင်ပြီး အုပ်စု ပထမနေရာ၊ တစ်ဖက်မှာလည်း ဗင်နီဇွဲလားက ဘိုလီဗီးယားကို (၃-၁)နဲ့ အနိုင်ရခဲ့လို့ အုပ်စု ဒုတိယနဲ့ အသီးသီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

ဘရာဇီးလ်နဲ့ ပီရူးတို့ပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် (၁၂)မိနစ်မှာ ကက်စ်မဲရိုးက သွင်းယူပေးခဲ့ပြီး အဲဒီနောက် (၁၉၊ ၃၂)မိနစ်တို့မှာ ဖာမီနို၊ အဲဗာတန်တို့က ထပ်မံသွင်းယူပေးခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ဒန်နီအဲဗက်စ်နဲ့ ဝီလီယံတို့က နောက်ထပ် တစ်ဂိုးစီ ရယူပေးခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှု ခံနေရတဲ့ ဘရာဇီးလ်တို့ ကြီးမားတဲ့ ဂိုးပြတ်နိုင်ပွဲနဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် (၉၀)မှာ ဂျီးဆပ် ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ဘရာဇီးလ်တို့ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဗင်နီဇွဲလားကတော့ မာချီစ်ရဲ့ သွင်းဂိုး နှစ်ဂိုး၊ (၈၉)မိနစ်မှာ မာတီနက်ဇ် သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့အတူ ဘိုလီဗီယားကို (၃-၁)နဲ့ အနိုင်ရပြီး အုပ်စုတွင်း ရှုံးပွဲမရှိပဲ ရမှတ် (၅)မှတ်နဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးကို ဗင်နီဇွဲလားတို့ သရေကစားနိုင်ခဲ့တဲ့ပွဲက အကျိုးကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရမှတ် (၄)မှတ် ရရှိထားတဲ့ ပီရူးအသင်းကတော့ အကောင်းဆုံးအုပ်စု တတိယနေရာနဲ့ နောက်တစ်ဆင့်တက်ဖို့ တခြားအုပ်စုတွေက ဂျပန်နဲ့ အီကွေဒေါ၊ အာဂျင်တီးနားနဲ့ ကာတာတို့ရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဂျပန်နဲ့ အာဂျင်တီးနားတို့က သရေ သို့မဟုတ် ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် ပီရူးက နောက်တစ်ဆင့်ကို တက်သွားနိုင်မှာလည်းဖြစ်ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စု (A) ရလဒ်များ

ပီရူး ၀-၅ ဘရာဇီးလ်
ကတ်စမဲရိုး ၁၂ မိနစ်၊ ဖာမီနို ၁၉ မိနစ်၊ အဲဗာတန် ၃၂ မိနစ်၊ အဲလ်ဗတ်စ် ၅၃ မိနစ်၊ ဝီလီယံ ၉၀ မိနစ်

ဘိုလီဗီးယား ၁-၃ ဗင်နီဇွဲလား
ဂျက်စ်တင်နီယာနို ၈၂ မိနစ် - မာချီစ် ၂၊ ၅၅ မိနစ်၊ မာတီနက်ဇ် ၈၉ မိနစ်

အုပ်စု (A) ရပ်တည်မှု (played, won, drawn, lost, goals for, goals against, points):

Brazil 3 2 1 0 8 0 7 -- qualified

Venezuela 3 1 2 0 3 1 5 -- qualified

Peru 3 1 1 1 3 6 4

Bolivia 3 0 0 3 2 9 0

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly