ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့ရေးမှာ တိကျတဲ့ အချိန်ကာလ အာဆီယံ ခေါင်းဆောင်တွေ သိမြင်လို

ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့ရေးမှာ တိကျတဲ့ အချိန်ကာလ အာဆီယံ ခေါင်းဆောင်တွေ သိမြင်လို

မြန်မာနိုင်ငံဆီ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)ဒုက္ခသည်တွေကို နေရပ်ပြန်ရပ်ပို့ရေးမှာ တိကျရှင်းလင်းတဲ့ အချိန်ကာလကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိမြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့ ဘင်္ဂါလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ကိစ္စရပ်ကို ဆွေးနွေးစေလိုပြီး အချိန်သတ်မှတ်ဖို့ကို အာဆီယံအဖွဲ့ကြီးအနေနဲ့ လိုလားလျက်ရှိကြောင်း ဘန်ကောက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးနောက် အိမ်ရှင်အဖြစ် ကိုယ်စားပြုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရမ်မတ်ဝီနိုင်းက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လာတဲ့အခါမှာ ခွဲခြားသိမှတ်ဖို့ စိစစ်ရေးသက်သေခံကတ်တွေ ထုတ်ပေးနေတဲ့အကြောင်းကို မြန်မာနိုင်ငံက အာဆီယံကို တင်ပြခဲ့ကြောင်းလည်း ဒွန်က ပြောပါတယ်။

“ဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းလုပ်ဆောင်နေတာတွေကို အာဆီယံက အသိအမှတ်ပြုပြီး အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ကူညီအားပေးသွားမှာဖြစ်သလို နေရပ်ပြန်ပို့ရေး စတင်လုပ်ဆောင်နေမှုတွေကိုလည်း သိမြင်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဒါအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေကြားမှာ ယုံကြည်မှု တည်ဆောက်သွားရမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးကို အာမခံပေးနိုင်ရမှာဖြစ်တယ်လို့လည်း ၎င်းက မှတ်ချက်ပြု ပြောဆိုပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရ မူဝါဒ ချမှတ်ထားတာ ဖြစ်ပေမယ့် ဘင်္ဂါလီဒုက္ခသည်တွေရဲ့ ပြဿနာကိုတော့ ၂၀၁၇ ခုနှစ်ကစပြီး ဆိုင်ရာဆိုင်ရာ အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးလာကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly