H1N1 ရာသီတုပ်ကွေးရောဂါအတွက် မကွေးတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ

H1N1 ရာသီတုပ်ကွေးရောဂါအတွက် မကွေးတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ

မကွေး၊ ဇွန် ၂၂ ။          ။ ရာသီတုပ်ကွေးရောဂါ ဖြစ်လာပါက ကုသရန်အားစိုက်ရသဖြင့် ကာကွယ်ခြင်းလုပ်ငန်းများကို မကွေး တိုင်းအတွင်းရှိ ကျန်းမာရေးဌာနဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းဆောင်ရွက်နေကြောင်း တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် H1N1ခေါ်ရာသီတုပ်ကွေးရောဂါဖြစ်တဲ့သူ မကွေးတိုင်းမှာ မရှိသေးပါဘူး။ သက်ဆိုင်ရာ မြို့နယ်တိုင်းမှာ စောင့်ကြပ်ကြည့်ရှုတဲ့စနစ်၊ သတင်းပို့တဲ့စနစ်တွေ တိုင်းကျန်းမာရေးက ဆောင် ရွက်ထားပါတယ်။ ရာသီတုပ်ကွေးနဲ့ ပတ်သက်တဲ့ ရောဂါကို ချက်ခြင်းစစ်ဆေးလို့ရတဲ့ စက်ကိရိယာ တွေ ပစ္စည်းတွေ ဖြန့်ဝေထားပါတယ်။ ရာသီတုပ်ကွေးလက္ခဏာ ဖြစ်တယ်လို့ သံသယဖြစ်ရင် ချက်ခြင်း စစ်ဆေးလို့ရပါတယ်” ဟု တိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာများမှာ အဖျားကြီးခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်း ခြောက်ဆိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း၊ သတိလစ်ခြင်း ဂနာမငြိမ်ဖြစ်ခြင်း စသည့် လက္ခဏာများဖြစ်ကြောင်းသိရသည်။ပြည်သူများ အနေဖြင့်  မိမိတွင် အဆိုပါရာသီတုပ်ကွေးရောဂါလက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ/ဆေးခန်းများတွင် သတင်းပေးပို့၍ ကုသမှုခံယူရန် လိုအပ်ကြောင်း တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ဒီရာသီတုပ်ကွေးရောဂါဟာ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။ အဓိက ရောဂါကာကွယ်ဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းဖို့နဲ့ လက်ဆေးဖို့အရေးကြီးပါတယ်။ ပြီးတော့ အိပ်ရေး ဝအောင်အိပ်ရမယ်။ အစားအသောက် အဟာရပြည့်ပြည့်စုံစုံစားရမယ်။ ဒါဆို ကာကွယ်ပြီး သားဖြစ်တယ်။ဒါတွေကို ပြည်သူတွေသိရအောင် သတင်းမီဒီယာကတစ်ဆင့် ပညာပေးရမယ်” ဟု ဒေါက်တာခင်မောင်သန်းက ဆက်ပြောသည်။

ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပြီး အဆိုပါရောဂါသည် အချို့လူများတွင် ရောဂါလက္ခဏာများပိုမိုပြင်းထန်နိုင်ကြောင်း၊ ရောဂါပိုးရှိသူများက နှာချေ ချောင်းဆိုးလျှင် အနားရှိသူများကို တိုက်ရိုက်ကူးစက်နိုင်ပြီး ရောဂါဖြစ်သူ၏ သလိပ် ချွဲနှင့် ခန္ဓာကိုယ်မှ အရည်များကို ထိတွေ့ကိုင်တွယ်ပါက ရောဂါကူးစက်နိုင်ကြောင်း ရောဂါရှိသူ၏ အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ ကိုင်တွယ်ရာမှတစ်ဆင့် ရောဂါကူးစက်နိင်ကြောင်း သိရသည်။

ထို့အပြင် နာတာရှည်ရောဂါအခံရှိသူများ၊ အသက်ကြီးသူများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း မိမိတွင်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အခြား သူများသို့ ကူးစက်မှုမရှိစေရေးအတွက် နှာချေးချောင်းဆိုးရာတွင် ပါးစပ်နှင့်နှာခေါင်းကို လက်ကိုင်ပုဝါ တစ်ရှူး၊ တစ်ခါသုံး ပါးစပ်/နှာခေါင်းစည်းတို့ဖြင့် သေချာစွာဖုံးအုပ်ရန် လိုအပ်ကြောင်း မိသားစုနှင့် နီးကပ်စွာနေထိုင်ခြင်း၊ ကျောင်း၊စျေး လုပ်ငန်းခွင်နှင့် လူထူထပ်သော နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁ရခုနှစ်က ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ (၂၀)ဦးရှိခဲ့ပြီး (၂)ဦး သေဆုံးခဲ့ကြောင်း ၂၀၁၈ခုနှစ်နှင့် ယခု၂၀၁၉ခုနှစ်တွင် ရောဂါဖြစ်ပွားသူ မရှိကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required