တိကျသည့်မူဘောင် မရှိ၍ ရန်တိုက်ပေးသည့် ပုံစံဖြစ်နေဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများ ဆို

တိကျသည့်မူဘောင် မရှိ၍ ရန်တိုက်ပေးသည့် ပုံစံဖြစ်နေဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများ ဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇွန် ၂၂ ။          ။ တိကျသေချာသည့် အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်တစ်ရပ်မရှိခြင်းက ကျောင်းသူ၊ ကျောင်းသားများ အား စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ အချင်းချင်းကြား ရန်တိုက်ပေးနေသည့် ပုံစံမျိုး ဖြစ်နေသည် ဟု အဆိုပါ မူဘောင်အကောင်အထည်ဖော်ပေးရေးအတွက် လှုပ်ရှားတောင်းဆိုနေသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု၏ ဦးဆောင်ကော်မတီဝင် ကိုအောင်သူရိန်က ပြောသည်။

" အခုပညာရေးကောလိပ်မှာဆိုရင် ၂ နှစ်သင်ပြီးဆင်းလာတဲ့ကလေးက မူလတန်းပြဖြစ်သွားတယ်။ သူတို့ အလယ်တန်းပြရာထူး တိုးချင်ရင် ဘွဲ့တစ်ခုရမှဖြစ်မယ်။ ဘွဲ့တစ်ခုရဖို့ကို အဝေးသင်ကို ပထမနှစ်ကနေ ၄ နှစ် ပြန်တက်ရတယ်။ ၄ နှစ် ပြန်တက်ပြီး ဘွဲ့ရမှ အလယ်တန်းပြရာထူး တိုးတယ်။ ဆွဲခန့်တွေကကြတော့ အခု ခန့်လိုက်တယ်။ ခန့်ပြီးပြီဆိုရင် တစ်နှစ်၊ နှစ်နှစ်ဆိုရင် ရာထူးတိုးသွားတယ်။ အဲ့ဒီလိုအခါမှာ အချင်းချင်းကြားမှာ ပြဿနာတွေဖြစ်တယ်။ ငါတို့က ၅ နှစ်လောက်နေမှ တိုးတာ။ မင်းတို့က ဒီလောက်နဲ့ တိုးသွားတာလည်းဆိုပြီး အချင်းချင်းကြားမှာ ရန်တိုက်ပေးတဲ့ ပုံစံမျိုးပေါ့ အဲ့ဒီလိုဖြစ်နေတယ်"ဟု ကိုအောင်သူရိန်က ပြောသည်။

ဇွန် ၂၂ ရက်နေ့၊ ရန်ကုန်ပညာရေးတက္ကသိုလ်၏ စုဝေးခန်းမတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ပြုလုပ်ခဲ့သည့် အခြေခံပညာဆရာခန့်ထားရေးစနစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင်  မီဒီယာများ မေးမြန်းမှု ကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

" မူဘောင်ရဲ့ သက်ရောက်မှုက ဒါအရမ်းရိုးရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိကျတဲ့ မူဘောင်တစ်ခုမရှိ ဘူး။ ခန့်ချင်သလို ခန့်နေမယ်ဆိုရင် ကျွန်တော်တို့ အချင်းချင်းကြားမှာလည်း ဒုက္ခရောက်တယ်။ ဥပမာ ပြောရမယ်ဆိုရင် ဖုန်းဆိုင်မှာ ကိုယ်အလုပ်သွားလျှောက်မယ်ဆိုရင် ဘွဲ့ရရမယ်။ ဆယ်တန်းအောင်ရမယ်။ စတဲ့ သတ်မှတ်ချက်တွေရှိတယ်။ ဘယ်မှာပဲဖြစ်ဖြစ် သတ်မှတ်ချက်တွေရှိပါတယ်။ ကျွန်တော်တို့ ဒီ ဆရာ၊ ဆရာမ ခန့်ထားရေးမှာက သတ်မှတ်ချက်တွေ လုံးဝကင်းမဲ့နေတယ်"ဟု ကိုအောင်သူရိန်က ဆက်ပြောသည်။

ဝေးလံခေါင်သီသည့် တိုင်းရင်းသားဒေသများတွင်  ဘာသာစကားအနေအထားအရ၊ နယ်မြေအနေအထားအရ အဆိုပါ ဒေသများရှိ သူများကိုသာ ဆရာ၊ ဆရာမအဖြစ် ဆွဲခန့် ခန့်ထားပြီး ထိုသို့ ဆွဲခန့်ကာ တာဝန်ပေးထား သည့် ဆရာ၊ ဆရာမများကို သင်တန်းကာလ တစ်လ မဟုတ်ဘဲ ထိရောက်သည့် သင်တန်းများ ပေးစေချင်သည် ဟု အခြေခံပညာဆရာခန့်ထားရေးစနစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲသို့ လာရောက်ခဲ့သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဟောင်းဖြစ်သူ အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

" ဒီလိုအပ်ချက်တာ ဖြည့်ဆည်းသွားမယ်။ အားလုံး ၀ိုင်းတွန်းလို့ ရွေ့မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ထိရောက်တဲ့ သင်တန်းရှိသလားဆိုရင် မရှိဘူး။ အဲဒီလိုတွေ ဆွဲခန့်တွေ ခန့်လိုက်တဲ့အခါမှာ အကြီးမားဆုံး နစ်နာချက်က ဘာဖြစ်လဲဆိုတော့ ဆရာ၊ ဆရာမတွေကြားထဲက သွေးကွဲမှုပေါ့။ ဆရာ၊ ဆရာမတွေကြားထဲမှာ ဘွဲ့ဒီဂရီတွေနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေဖြစ်တယ်။ အဲ့ဒီတော့ ဆရာ၊ ဆရာမတွေ ရင်ထဲက အစိုင်အခဲတွေဟာ ကြီးလာတယ်ဆိုရင် ဆရာ၊ ဆရာမသည် ကလေးတွေရဲ့ စံပြဖြစ်ရမယ်။ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ ပြင်ပမှာသာ လူကြီးတွေဆိုတော့ မျက်နှာမှာ ဟန်ဆောင်ပြီး ဆက်ဆံနေရပေမယ့် ရင်ထဲမှာ ဒါမျိုးတွေဖြစ်လာရင် ရေရှည်မှာ မကောင်းနိုင်ဘူးပေါ့။ ဒါကြောင့် အဓိက တိကျသေချာတဲ့ တရားမျှတမှုရှိတဲ့ ဆရာခန့်ထားရေး မူဘောင်တစ်ခု ပေါ်ထွက်လာဖို့အတွက် ကျွန်မတို့ တိုက်ပွဲဝင်ရတာဖြစ်တယ်"ဟု အထက်တန်းပြဆရာမ ဒေါ်သက်ဆုလှိုင်က ပြောသည်။

အခြေခံပညာဆရာ ခန့်ထားရေးစနစ်နှင့် ပတ်သက်ပြီး တောင်းဆိုလှုပ်ရှားမှုများကို ပြီးခဲသည့် ၂၀၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လှုပ်ရှားမှုပြုလုပ်ခဲ့ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် သဘောတူ ညီချက် ၅ ချက်ရရှိခဲ့သော် အချက်၂ ချက်ဖြစ်မှာ လက်ရှိအချိန်ထိ အကောင်အထည် ဖော်လုပ်ဆောင်ပေးခြင်း မရှိသေး ကြောင်း သိရသည်။

အဆိုပါ အချက် ၂ ချက်မှာ အခြေခံပညာခန့်ထားရေး မူဘောင်တစ်ရပ် အမြန်ဆုံး အကောင်အထည်ဖော်ပေး ရေးနှင့် ဆရာဖြစ်သင် ဒီပလိုမာလက်မှတ် (DTE.d)ရရှိထားသူများကို အလယ်တန်းပြအဖြစ် ရွေးချယ်ခွင့် ပေးရေးတို့ဖြစ်ပြီး လက်ရှိတွင် ၂၀၁၇ ခုနှစ် ဖဲကြိုးစိမ်းလှုပ်ရှားမှုကြောင့် ပညာရေးဝန်ကြီးဌာနမှ ပေးထားသည့် ကတိကဝတ်များကို ပြီးမြောက်သည့်အထိ အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

 အခြေခံပညာဆရာ ခန့်ထားရေးစနစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဇွန် ၂၂ ရက်မှ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တာ ပြုလုပ်နေခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly