AA တာဝန်ရှိသူ၏ မိန်းမဟု မမှန်မကန်ရေးသားမှုအပေါ် ရခိုင်လွှတ်တော်အမတ် ဒေါ်ထုမေ တိုင်ကြား

AA တာဝန်ရှိသူ၏ မိန်းမဟု မမှန်မကန်ရေးသားမှုအပေါ် ရခိုင်လွှတ်တော်အမတ် ဒေါ်ထုမေ တိုင်ကြား
ဓာတ်ပုံ-ဒေါ်ထုမေ

ရန်ကုန် ဇွန် ၂၂၊ ။             ။ ရက္ခိုင့်တပ် AA မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၏ မိန်းမဟု မမှန်မကန်ရေးသားခြင်းနှင့် ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံကို အသုံးပြုထားခြင်းတို့အတွက် အရေးယူပေးပါရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(PC)သို့ တိုင်ကြားစာ ပေးပို့ထားကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၁၁) မှ ဒေါ်ထုမေက မဇ္စျိမသို့ ပြောသည်။

“၂၁ ရာစုပင်လုံမှာတုန်းက ဒေါက်တာညိုထွန်းအောင်နဲ့ ရိုက်ထားတဲ့ပုံကို ကျွန်မရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာ မတောင်းခံဘဲနဲ့ စီးပွားဖြစ်ထုတ်ဝေတဲ့စာအုပ်မှာ သုံးထားတယ်။ နောက်တစ်ခုက စာမျက်နှာ ၆၂ မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ ဥပဒေပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ ပြည်သူတွေကို မဟုတ်မမှန်ထင်သွားလောက်အောင် ရည်ညွှန်းရေးထားပါတယ်။ ပထမတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးကို အကြောင်းကြားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပိုဆက်စပ်မယ်။ နိုင်ငံရဲ့ထုတ်ဝေတဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတယ်ဆိုပြီး တိုင်တန်းထားခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ထုမေက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံ၌ ဒေါ်ထုမေနှင့် ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရရိုက်ကူးခဲ့သောဓာတ်ပုံကို စာရေးဆရာ သောင်းဝေဦး ရေးသားထားပြီး မြရတနာစာပေမှ ထုတ်ဝေဖြန့်ချိခဲ့သည့် “ရခိုင်ပြည်နယ်အတွင်းမှ AA တို့ တိုက်ခဲ့သော တိုက်ပွဲများနှင့် AA သမိုင်းကြောင်း သိကောင်းစရာများ” စာအုပ်တွင် “ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော်အမတ်ဖြစ်နေခြင်း” ဟူသော စာနှင့်ပုံကို တွဲရက်ဖော်ပြထားခြင်း ဖြစ်သည်ဟု သိရသည်။

စာရေးသူနှင့်ထုတ်ဝေသူဘက်မှ တာဝန်ခံ၍ စာအုပ်ဆက်လက်ဖြန့်ချိမှုကို ရပ်ဆိုင်းရန်၊ ဖြန့်ချိပြီး စာအုပ်များကို ပြန်လည်သိမ်းဆည်းပေးရန်၊ အမှားပြင်ဆင်ချက်များကို နိုင်ငံပိုင်မီဒီယာများမှ ကြေညာပေးရန်၊ ခွင့်ပြုချက် မတောင်းခံဘဲ ဓာတ်ပုံကို စီးပွားဖြစ်ထုတ်ဝေဖြန့်ချိခြင်းအပေါ် တောင်းပန်ပေးရန်နှင့် ဆက်လက် ထုတ်ဝေခွင့် မပြုရန် အဆိုပါတိုင်ကြားစာတွင် ပါရှိသည်။

တိုင်ကြားစာကို ဇွန်လ၊ ၂၁ ရက်နေ့က ကောင်စီသို့ ပေးပို့ခဲ့ပြီး ဒေါ်ထုမေအား လက်ရှိအချိန်ထိ  စာရေးသူနှင့် ထုတ်ဝေသူတို့ဘက်မှ ဆက်သွယ်လာခြင်းမရှိသေးကြောင်း သိရသည်။

“ကျွန်မ တောင်းဆိုထားတာတွေကို စာရေးသူကိုယ်တိုင်က လုပ်ရပါမယ်။ ဒါကြောင့် သင့်တော်တဲ့ မီဒီယာကောင်စီကနေ သက်ဆိုင်တဲ့ပုဒ်မတွေနဲ့ မီဒီယာကောင်စီက ဦးဆောင်ပြီး လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါတိုင်ကြားစာမိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်ရုံးကို ပေးပို့ထားကြောင်းလည်း သိရသည်။

တိုင်ကြားစာနှင့် ပတ်သက်၍ မဇ္စျိမက သတင်းမီဒီယာကောင်စီဝင်တစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ရုံးပိတ်ရက်ဖြစ်၍ တိုင်စာ လက်ခံရရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

 

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required