မြိတ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းမိ

မြိတ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇွန် ၂၂ ။          ။ မြိတ်မြို့တွင် ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိသော WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သိန်းနီးပါးကို ဇွန်လ ၂၁ ရက်နေ့က စံချိန်တင်ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကျော်မျိုးမြင့်က ပြောသည်။

မြိတ်ခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် နေ့စဉ် နီးပါး ဖမ်းဆီးရသည့် မူးယစ်ဆေးဝါးများ အနက် လက်ရှိ ဖမ်းဆီး ရမိသည့် စိတ်ကြွဆေးပြားများမှာ မြိတ်မြို့က စံချိန်တင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

 “ယခင်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက အပြားရေ ၅ သောင်းမှ ၉ သောင်း အထိ ဖမ်းဆီး ရမိတာ ရှိပါတယ်၊ အခု လက်ရှိ ဖမ်းဆီးရမိ တာကတော့ အများဆုံး ဖြစ်တယ်”ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင် ဒုရဲမှူး ကျော်မျိုးမြင့်က မြိတ်အခြေစိုက် မီဒီယာများကို ဇွန်လ ၂၂ ရက်နေ့တွင် ပြောသည်။

အဆိုပါ စံချိန်တင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်တွင် မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးအား ရပ်တန့် စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁ သောင်းကို ဖမ်းဆီးရမိခဲ့ပြီး၊ ၄င်းအား ထပ်မံစစ်ဆေးရာမှ   မြိတ်တောင်ကျေးရွာအုပ်စု၊ ထပ်သားစက်ရုံ ဟောင်းအနီး ချမ်းမြေ့သာယာ ရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် ဝယ်ယူခဲ့ကြောင်း သိရသဖြင့် ဖမ်းဝရမ်းနှင့် သွားရောက် စစ်ဆေးရာ ထပ်မံ၍ စိတ်ကြွဆေးပြား ၁ သိန်း ၉ သောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း နှိမ်နှင်းရေး အဖွဲ့မှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုအတွက် မြိတ်မြို့နယ် ရဲစခန်းရုံးမှ သန်းထိုက်နှင့် ကျော်သူရထွန်း (၂) ဦးကို မယ (ပ)၁၃၁/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required