ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုကြောင့် မန်ချက်စတာယူနိုက်တက်မှ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြန်တဲ့ ဘိုင်ယန်နောက်ခံလူ

ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုကြောင့် မန်ချက်စတာယူနိုက်တက်မှ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြန်တဲ့ ဘိုင်ယန်နောက်ခံလူ
Photo: EPA

ဘိုင်ယန်မြူးနစ်အသင်း နောက်ခံကစားသမား ဟမ်းမဲလ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုခံခဲ့ရပေမယ့် အင်္ဂလိပ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ထားခဲ့တာကြောင့် ကစားသမားဟာ ဒေါ့မွန်အသင်းကိုသာ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တာက ရာသီသစ်အတွက် ကစားသမားခေါ်ယူရာမှာ အဓိက ထိုးနှက်ချက်တစ်ခုဖြစ်လာနေခဲ့ပြီး နောက်ထပ်ကစားသမားတစ်ဦးကို ပေးဆပ်လိုက်ရပြန်ပါတယ်။

ဟမ်းမဲလ်ဟာ အစောပိုင်းက ယူနိုက်တက်ကို ပြောင်ရွှေ့ဖို့အတွက် စိတ်ဝင်စားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်အသင်းကတစ်နှစ်လုပ်ခလစာ ယူရို (၁၂)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကိုပါ ငြင်းဆိုခဲ့ပါတယ်။

အသက် (၃၀) နှစ်အရွယ်ရှိ ဟမ်းမဲလ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဘိုင်ယန်အတွက် (၃၃)ပွဲ ကစားပေးခဲ့ပြီး (၂)ဂိုး သွင်းခဲ့ပါတယ်။

ဟမ်းမဲလ်ဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲ (၇၀)ကစားထားပြီး ၂၀၁၄ ကမ္ဘာ့ဖလားကို အသင်းနဲ့အတူ ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘွန်ဒက်လီဂါချန်ပီယံဆုကို (၆)ကြိမ်ထိ ရယူထားနိုင်ခဲ့ပြီး ဂျာမန်စူပါဖလားကိုတော့ (၅)ကြိမ်ထိ ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့အတွက် ကလပ်အသင်းနဲ့အတူ အဓိက ဥရောပဆုဖလားကို အခုအချိန်အထိ ကိုင်မြှောက်ထားနိုင်ခြင်း မရှိသေးတာကြောင့် ဒီဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းကို ဟမ်းမဲလ်ပြောင်းရွှေ့ဖို့အတွက် အလေးထားခဲ့တာဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် လက်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းလို ရုန်းကန်နေရတဲ့ ကလပ်တစ်သင်းဆီ စွန့်စားပြောင်းရွှေ့ရမယ့်အစား ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရမယ့် အသင်းဟောင်း ဒေါ့မွန်ဆီ ယူရို (၃၈)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Ref; Fox Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly