မြန်မာနဲ့ သီရိလင်္ကာကို ပစ်မှတ်ထားပြီး အမုန်းစကားများဖယ်ရှားရေးကို ဖေ့ဘွတ်ခ် လုပ်ဆောင်

မြန်မာနဲ့ သီရိလင်္ကာကို ပစ်မှတ်ထားပြီး အမုန်းစကားများဖယ်ရှားရေးကို ဖေ့ဘွတ်ခ် လုပ်ဆောင်
Facebook CEO Mark Zuckerberg. Photo: Etienne Laurent/EPA

ဇွန် ၂၂ ။            ။ လူမှုမီဒီယာပေါ်မှာ အမုန်းစကားဖြန့်ဝေမှုတွေကို ဖယ်ရှားရာမှာ မြန်မာနဲ့ သီရိလင်္ကာကို ပစ်မှတ်ထားပြီး ဖေ့ဘွတ်ခ်ကုမ္ပဏီက ကြိုးစားလုပ်ဆောင်နေပါတယ်။

“လူမှုမီဒီယာနှင့် ပဋိပက္ခများအပေါ် သိမြင်နားလည်ခြင်း” ဆိုတဲ့ ပို့စ်မှာ ဖေ့ဘုတ်ကုမ္ပဏီက သူတို့အနေနဲ့ အမုန်းစကားတွေကို ဖယ်ရှားရန်၊ သတင်းမှားတွေ၊ အငြင်းပွားမှုတွေကို လျှော့ချရန်နဲ့ ပြည်သူတွေကို ပညာပေးရန် သီးသန့်အဖွဲ့ ဖွဲ့စည်းပြီး ကြိုးစားလုပ်ဆောင်နေကြောင်း အလေးအနက် ရေးသားထားပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ လူမှုမီဒီယာပလက်ဖောင်းပေါ် အမုန်းတရားဖြန့်ဝေမှုတွေကို ခွင့်ပြုတယ်ဆိုပြီး  အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ အမုန်းတရားဖြန့်ဝေမှုတွေအပေါ် ဖေ့ဘွတ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ ကိုလည်း ဝေဖန်သူတွေက မယုံမကြည် ရှိနေခဲ့တာပါ။

ဖေ့ဘွတ်ပေါ်က အမုန်းစကားတွေဟာ ရခိုင်အရေး ဖြစ်ပွားစေခဲ့တာမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

လူမှုမီဒီယာပေါ်ကနေ လှုံ့ဆော်မှုတွေ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနဲ့ မြန်မာ နှစ်နိုင်ငံမှာ မကြာသေးမီက သူရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာတွေကို ဖေ့ဘွတ်က ထုတ်ပြန်ပါတယ်။

“မနှစ်က ကျွန်တော်တို့ဟာ လက်ဘနွန်၊ ကမ်မရွန်း၊ နိုင်ဂျီးရီးယား၊ မြန်မာနဲ့ သီရိလင်္ကာတို့လို နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ အဲဒီ နိုင်ငံတွေက အသိုင်းအဝန်းတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ပါတယ်။ သူတို့တွေ ဖေ့ဘွတ်ကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာကို ပိုပြီး နားလည်ခဲ့တယ်။ စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်ပေါ်စေမယ့် အကြောင်းချင်းရာတွေက ဘာတွေလဲဆိုတာကို ပိုပြီး အကဲဖြတ်နိုင်ခဲ့တယ်။ ဒီတွေ့ရှိချက်နဲ့ ကျွန်တော်တို့ဟာ ဖေ့ဘွတ်ပေါ်က အမုန်းစကားတွေ ဖယ်ရှားရေးကို ကြိုးစားဆောင််ရွက်နေတာ ဖြစ်ပါတယ်။”လို့ အဆိုပါ ပို့စ်မှာ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly