သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်နဲ့အတူ မိတ်ဖက်ဖြစ်မှုကို အားသစ်လောင်းလာတဲ့ ပြုံယမ်းနဲ့ ပေကျင်း

သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်နဲ့အတူ မိတ်ဖက်ဖြစ်မှုကို အားသစ်လောင်းလာတဲ့ ပြုံယမ်းနဲ့ ပေကျင်း

ပြုံယမ်း၊ ဇွန် ၂၂ ။           ။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်ရက်တာ မြောက်ကိုရီးယားခရီးစဉ် အပြီးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ အသီးသီး ရပ်တန့်နေတဲ့ ပြုံယမ်းနဲ့ ပေကျင်းကြားမှာ သမ္မတ ရှီကျင့်ဖျင်ရဲ့ အခု ခရီးစဉ်ဟာ နှစ်နိုင်ငံကြား မိတ်ဖက်ဖြစ်မှုကို သွေးသစ်လောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ရဲ့ ခရီးစဉ် အခင်းအကျင်းဟာ နိုင်ငံတကာ ရှေ့မှောက်မှာ ကင်ဂျုံးအွန် ဦးဆောင်တဲ့ အစိုးရကို ပေကျင်းရဲ့ ထောက်ခံမှုကို အလေးအနက်ထား ပြသလိုက်ရာလည်း ရောက််ပြီး ၀ါရှင်တန်နဲ့ ပြုံယမ်းတိုရဲ့ ဆွေးနွေးမှုမှာ ပေကျင်းက စေ့စပ်ညှိနှိုင်းသူဆိုတဲ့ အနေအထားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မဟာမိတ် ခိုင်မြဲခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ခပ်တန်းတန်း ဖြစ်နေခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေနဲ့ ကင်ဂျုံးအွန်ရဲ့ သူရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံးနမ်နဲ့ ဦးလေးဖြစ်သူ ဂျန်ဆောင်တိတ်ကို သုတ်သင်သတ်ဖြတ်မှုတွေဟာ တရုတ်အတွက် စိတ်အလိုမကျ ဖြစ်စေခဲ့ပါတယ်။ သုတ်သင်ခံရသူ နှစ်ဦးစလုံးဟာလည်း ပေကျင်းနဲ့ အကျွမ်းတဝင် ရှိကြသူတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ တန့်ရပ်နေချိန်မှာ ခုလို တရုတ် သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတော် ခရီးစဉ် လာရောက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း ကုန်သွယ်ရေးစစ်မှာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ သောင်မတင် ရေမကျဖြစ်နေတာကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အခု ရှီကျင့်ဖျင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ တရုတ်ခေါင်းဆောင်တစ်ဦးအနေနဲ့ ၁၄ နှစ်တာအတွင်းမှာ ပထမဆုံး လာရောက်မှုဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ကတော့ ၎င်း အာဏာရချိန်ကစပြီး ခုချိန်ထိ တရုတ်နိုင်ငံဆီ လေးကြိမ်အထိ လာရောက်ထားဖူးတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly